#WorldHealth

Published - 28 November 2021

မီလီမီတာလှိုင်းလို့ ခေါ်တဲ့ ဓာတ်ရောင်ခြည်တစ်မျိုးဟာ အရာဝတ္ထုမျက်နှာပြင်တွေပေါ်က ကိုရိုနာဗိုင်းရပ်စ်နဲ့ ပိုလီယိုဗိုင်းရပ်စ်တို့ကို ၂ စက္ကန့်အတွင်း ၉၉ ရာခိုင်နှုန်း ဖယ်ရှားပေးနိုင်ကြောင်း အရီယယ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ဒီတွေ့ရှိချက်တွေကြောင့် ပတ်ဝန်းကျင်ရှိ အရာဝတ္ထုပစ္စည်းတွေကို လျင်လျင်မြန်မြန်နဲ့ ထိထိရောက်ရောက် ရောဂါပိုးသန့်ရှင်းစေနိုင်မှာ ဖြစ်ပါ တယ်။

"ကျွန်တော်တို့ဓာတ်ခွဲခန်းလေ့လာချက်က လျှပ်စစ်သံလိုက်ဓာတ်ရောင်ခြည်ရရှိဖို့ ဦးစားပေးရှာဖွေနေတာဖြစ်ပါတယ်။ ဒီဓာတ်ရောင်ခြည်ဟာ မီလီမီတာလှိုင်းလောက်နဲ့ အလုပ်လုပ်နိုင်ပြီး လှိုင်အလျား ၃ မီလီမီတာလောက်သာ ရှိပါတယ်။ မြင်သာအောင်ပြောရမယ်ဆိုရင် လက်ကိုင်ဖုန်းကထွက်တဲ့ ရောင်ခြည်ဟာ လှိုင်အလျား ၃၀ စင်တီမီတာရှိပြီး မိုက်ခရိုဝေ့ဗ်ကထွက်တဲ့ ဓာတ်ရောင်ခြည်ဆိုရင် ၁၂ စင်တီမီတာခန့် ရှိပါတယ်"လို့ လျှပ်စစ်အင်ဂျင်နီယာဌာနမှ ပရော်ဖက်ဆာမိုရှ်အိုင်နက်ကဆိုပါတယ်။

မီလီမီတာလှိုင်းတွေဟာ နေရာတော်တော်များများမှာ အသုံးဝင်ပါတယ်။ ဆေးပညာပိုင်းအရ အကျိတ်ဆဲလ်တွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ဆဲလ်တွေကို မီလီမီတာလှိုင်းဖြင့် ထိရောက်စွာသတ်ပစ်နိုင်ကြောင်း တွေ့ရှိထားပါတယ်။

ဝါယာကြိုးတွေအသုံးမပြုဘဲ စွမ်းအင်နဲ့လျှပ်စစ်ကူးယူတဲ့ နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။စိန်လိုမျိုး ရှားပါးပစ္စည်းတွေကို ထုတ်လုပ်တဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားပြီးနောက် အိုင်နက်နဲ့အဖွဲ့ဟာ ဗိုင်းရပ်စ်ပိုးကို ဓာတ်ရောင်ခြည်လှိုင်းအသုံးပြုကာ သတ်ပစ်နိုင်ဖို့ စဉ်းစားမိခဲ့ပြီး ဇီဝမော်လီကျူးပညာရှင် ဒေါက်တာဂါဘီဂါလစ်ဇ်နဲ့ ပူးပေါင်းလုပ်ကိုင်လျက်ရှိပါတယ်။

"ဓာတ်ရောင်ခြည်ရဲ့ အပူချိန်က ဗိုင်းရပ်စ်ကိုသတ်ပစ်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်"လို့ ဂါလစ်ဇ်ကဆိုပါတယ်။ဒီဓာတ်ရောင်ခြည်လှိုင်းဟာ ခန္ဓာကိုယ်ထဲက ဗိုင်းရပ်စ်ပိုးဆီ မရောက်ရှိနိုင်ပေမယ့် အခန်းနေရာတွေ အသုံးအဆောင်ပစ္စည်းတွေ မျက်နှာပြင်တွေကိုတော့ ဗိုင်းရပ်စ်ပိုးသန့်ရှင်းရာမှာ အလွန်အသုံးဝင်နိုင်ပါတယ်။

ဂါလစ်ရဲ့ပြောကြားချက်အရ မီလီမီတာလှိုင်းရဲ့ အဓိကအားသာချက်ကြီးတစ်ခုက မျက်နှာပြင်နေရာတွေကို အချိန်တိုအတွင်း ပိုးသတ်ပေးနိုင်တာဖြစ်ပါတယ်။

"အခြားနည်းလမ်းတွေထဲက ခရမ်းလွန်ရောင်ခြည်လှိုင်းတွေဆိုရင် အချိန်အကြာကြီးယူပြီး လုပ်ဆောင်ရပါတယ်။ လူကိုလည်းထိခိုက်စေနိုင်တာမို့ ဗိုင်းရပ်စ်ပိုးသန့်ရှင်းတဲ့နေရာမှာ သိပ်ပြီးအသုံးမဝင်ပါဘူး။ အခုမီလီမီတာလှိုင်းဓာတ်ရောင်ခြည်ကတော့ ဗိုင်းရပ်စ်ပိုးတွေကို ၂ စက္ကန့်အတွင်း ၉၉.၉ ရာခိုင်နှုန်းနီးပါး ဖယ်ရှားပေးနိုင်ပါတယ်"လို့ ဆိုပါတယ်။

မီလီမီတာလှိုင်းဟာ ပစ္စည်းမျက်နှာပြင်ကို မထိခိုက်စေတာကြောင့် အီလက်ထရောနစ်ပစ္စည်းတွေမှာလည်း အသုံးပြုနိုင်ပါတယ်။"ဒီနည်းလမ်းက ဗိုင်းရပ်စ်ကိုထိရောက်အောင် ဖယ်ရှားနိုင်တယ်ဆိုတာကို သက်သေပြချင်ပါတယ်"လို့ ဂါလစ်ဇ်ကို ပြောပါတယ်။

ဒီနည်းလမ်းနဲ့ ရေကိုဗိုင်းရပ်စ်သန့်ရှင်းအောင် ပြုလုပ်ဖို့ သုတေသီတွေက အာရုံစိုက်လုပ်ဆောင်နေပါတယ်။"ရေထဲကနေ ရောဂါပိုးကူးစက်စေတာက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီနည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်ထင်ပါတယ်"လို့ ဂါလစ်ဇ်က ပြောကြားသွားပါတယ်။

Source: The Jerusalem Post