#WorldHealth

Published -  27 November 2021

ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ် ပေါ်ထွက်လာတာကြောင့် နိုဝင်ဘာ ၂၆ ရက်နေ့က တကမ္ဘာလုံးအထိတ်တလန့်ဖြစ်စေခဲ့ပြီး နိုင်ငံအတော်များများမှာ တောင်အာဖရိကမှ လာရောက်မယ့်ခရီးသည်တွေကို ဝင်ခွင့်ရပ်ဆိုင်းထားခဲ့ရပါတယ်။

အတ္တလန်တိတ်သမုဒ္ဒရာရဲ့ ၂ ဘက်စလုံးမှာရှိနေတဲ့ မြောက်အမေရိက တောင်အမေရိကနဲ့ ဥရောပ အာဖရိကတို့မှာ ၁ နှစ်ကျော်အတွင်း စီးပွားရေးဈေးကွက်တွေ ထိခိုက်မှုအကြီးမားဆုံးဖြစ်နေရပါတယ်။

မျိုးဗီဇကွဲအသစ် ပေါ်ပေါက်ခဲ့တဲ့ တောင်အာဖရိကနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေကနေ လာရောက်မယ့်သူတွေကို အမေရိကန်နိုင်ငံက ဝင်ခွင့်ပိတ်ပင်လိုက်ကြောင်း အမေရိကန်အစိုးရအဖွဲမှ အထက်အရာရှိတစ်ဦးက ဆိုပါတယ်။

ကနေဒါနိုင်ငံကလည်း ထိုနိုင်ငံတွေမှ လာရောက်မယ့်သူတွေကို ဝင်ခွင့်ပိတ်ပင်ထားပြီး ဗြိတိန် ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံတွေကလည်း လေကြောင်းလိုင်းတွေကို ပိတ်ထားလိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က B11529 မျိုးဗီဇကွဲကို အိုမီခရွန် (Omicron)လို နာမည်ပေးထားပြီး အခုထက်ထိတွေ့ရှိထားသမျှ စိုးရိမ်ရတဲ့မျိုးဗီဇကွဲအမျိုးအစား ၄ ခုထဲ ထည့်သွင်းသတ်မှတ်ထားပါတယ်။

သိပ္ပံပညာရှင်တွေက ရက်သတ္တပတ်အနည်းငယ်အတွင်း ဒီမျိုးဗီဇကွဲအသစ်ရဲ့ သန္ဓေပြောင်းလဲပုံကို သိရှိနားလည်ခဲ့ကြပါတယ်။အိုမီခရွန်က တခြားမျိုးဗီဇကွဲတွေထက် ပိုပြီးကူးစက်မြန်နိုင်သလားဆိုတဲ့အချက်နဲ့ ကာကွယ်ဆေးတွေ အသုံးပြုပြီးကာကွယ်နိုင်မလားဆိုတဲ့အချက်တွေကို သိရှိအောင်ကြိုးပမ်းဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။

တောင်အာဖရိကနိုင်ငံက ကျန်းမာရေးဝန်ကြီး ဂျိူးဖာလာက သူတို့နိုင်ငံမှ ခရီးသည်တွေကို သွားလာခွင့်ပိတ်ပင်တာဟာ မျှတမှုမရှိဘူးလို့ ဆိုခဲ့ပေမယ့် စမ်းသပ်စစ်ဆေးချက်တွေအရ မျိုးဗီဇကွဲအသစ်က ပိုမိုကူးစက်နိုင်ကြောင်း သိရှိထားတယ်လို့ ဆိုပါတယ်။

"ကိုဗစ်မျိုးဗီဇကွဲအသစ်က အတော်စိုးရိမ်ရပါတယ်။ အခုအချိန်ထိ ကြုံတွေ့ရခဲ့သမျှထဲမှာ သန္ဓေပြောင်းလဲခြင်း အကြီးမားဆုံးဖြစ်ပေါ်နေတဲ့ မျိုးဗီဇကွဲဖြစ်ပါတယ်"လို့ ဗြိတိန်နိုင်ငံ ဝေါဝစ်တက္ကသိုလ်မှ ဗိုင်းရပ်စ်ကျွမ်းကျင်ပညာရှင် ပရော်ဖက်ဆာလောရန့်စ်ယန်းက ပြောပါတယ်။

"တခြားစိုးရိမ်ရတဲ့မျိုးဗီဇကွဲတွေ သန္ဓေပြောင်းခြင်းဖြစ်စဉ်တုန်းကလိုပဲ ရောဂါပိုးကူးစက်မြန်ပြီး ခန္ဓာကိုယ်ခုခံအားစနစ်ကို အနည်းနဲ့အများ ခံနိုင်ရည်ရှိပါတယ်"
အရင်မျိုးဗီဇကွဲတွေကိုကြည့်ပြီး ကာကွယ်ဆေးတွေ ထုတ်လုပ်ခဲ့ကြပေမယ့် အခုမျိုးဗီဇကွဲအသစ်ကတော့ အရင်ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ အတော်လေးကွဲပြားနေပြီး လက်ရှိကာကွယ်ဆေးတွေနဲ့ ရှေ့ဆက်ဖို့ စိုးရိမ်နေရကြောင်း ယူကေကျန်းမာရေးအေဂျင်စီအဖွဲ့က ဆိုပါတယ်။

"သိပ္ပံပညာရှင်တွေ လေ့လာချက်အရဆိုရင်တော့ ဒီမျိုးဗီဇကွဲကို အခက်ခဲဆုံးရင်ဆိုင်သွားရဖွယ်ရှိပါတယ်"လို့ ဗြိတိန်ခရီးလမ်းပိုဆောင်ရေးဝန်ကြီးဂရန့်ရှပ်စ်က Sky News သတင်းဌာနကို ပြောကြားသွားပါတယ်။

တောင်အာဖရိကမှ လေကြောင်းဖြင့် ဝင်ရောက်လာမယ့်ခရီးသည်တွေကို တားမြစ်ဖို့ကြေညာခဲ့ပြီးမှာတော့ ကိပ်တောင်းနဲ့ ယိုဟန်စ်ဘာ့ဂ်မြို့တို့ကလာတဲ့ ခရီးသည်တွေဟာ အမ်စတာဒမ်လေဆိပ်မှာ ရောဂါစမ်းသပ်စစ်ဆေးဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ကြရပါတယ်။

အိန္ဒိယ ဂျပန် အစ္စရေးလ် တူရကီ ဆွစ်ဇာလန်နဲ့ ယူအေအီးနိုင်ငံများအပါအဝင် နိုင်ငံအများစုဟာလည်း ခရီးသွားလာခွင့်တွေကို ထိန်းချုပ်ကန့်သတ်ထားလိုက်ပါတယ်။

Source: CNA