#WorldTechnology

Published -  27 November 2021

အိစ်ဂျပန်ရေးဝေးလ်ကုမ္ပဏီက တိုကျိုမြို့နဲ့ နိုင်ငံမြောက်ပိုင်း အရှေ့ပိုင်းတွေကို ချိတ်ဆက်ပြေးဆွဲနေတဲ့ ရှင်ကန်ဆန်ကျည်ဆံရထားအချို့မှာ အလုပ်လုပ်ရင်း စီးနင်းလိုက်ပါနိုင်တဲ့ ရုံးခန်းရထားတွဲတွေကို တနင်္လာနေ့က စတင်ပြေးဆွဲလျက်ရှိပါတယ်။

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အလုပ်လုပ်ရာမှာ ပုံစံနည်းစနစ်အသစ်ဖြင့် လုပ်ကိုင်နိုင်ဖို့ တောင်းဆိုနေခဲ့တာဖြစ်ပါတယ်။အဲဒီရထားတွေကို စီးနင်းခအပိုပေးစရာမလိုဘဲ ရုံးတက်ရက်တွေမှာ စီးနင်းနိုင်မှာဖြစ်ပါတယ်။

တိုဟိုကူ၊ ဂျိုဆူနဲ့ ဟိုကူရီကူ ရထားလိုင်းတွေရဲ့ နံပါတ် ၈ အတွဲပေါ်မှာ ထိုင်ခုံနေရာကနေ ဖုန်းပြောဆိုနိုင်ပြီး အွန်လိုင်းအစည်းအဝေးတွေ တက်ရောက်နိုင်မှာဖြစ်ပါတယ်။
အခြားရထားတွေမှာ ပုံမှန်အားဖြင့်ကတော့ ဖုန်းပြောဆိုခြင်း အွန်လိုင်းအသုံးပြုခြင်းတွေကို တားမြစ်ထားပါတယ်။

"အချိန်မရွေး နေရာမရွေး အလုပ်လုပ်နိုင်အောင် ကျွန်တော်တို့က ဖန်တီးပေးချင်တာပါ"လို့ JR East မီးရထားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
စမ်းသပ်ပြေးဆွဲမှုကို အောင်မြင်အောင် အကြိမ်ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီးမှာတော့ ကုမ္ပဏီက တရားဝင်စတင်ပြေးဆွဲခဲ့တာဖြစ်ပါတယ်။မီဒီယာတွေကတော့ တနင်္လာနေ့က ဟိုကူရီကူကျည်ဆံရထားပေါ်မှာ လိုက်ပါစီးနင်းခွင့်ရခဲ့ပါတယ်။

အဲဒီနံပါတ် ၈ ရထားတွဲတံခါးမှာ 'အလုပ်ရုံးခန်းရထားတွဲ' ဆိုတဲ့ စာကပ်ထားပြီး အသုံးပြုနိုင်တဲ့ဝန်ဆောင်မှုပစ္စည်းတွေကို ထိုင်ခုံနေရာမှာထားရှိကြောင်း ရှင်းပြထားတဲ့ စာတွေလည်း ကပ်ထားပါတယ်။

JR East ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက ပြင်ပအသံလုံတဲ့ နားကျပ်အုပ်ကိုအသုံးပြုကာ အလုပ်လုပ်ကိုင်ပုံတွေကို မီဒီယာရှေ့မှာ သရုပ်ဖော်ပြသခဲ့ပါတယ်။
အဆင့်မြင့်စမတ်မျက်မှန်ကိုအသုံးပြုပြီး လက်ပ်တော့မျက်နှာပြင်ပေါ်က အကြောင်းအရာတွေကို ထိုမျက်မှန်ပေါ်မှာတင် ကြည့်ရှုနိုင်ပါတယ်။တိုဟိုကူရထားလိုင်းက ကျည်ဆံရထားတွေမှာ ထိုင်ခုံနေရာကို ကာပေးနိုင်မယ့် အကာတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

တိုဟိုကူရထားလိုင်းနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ ဟိုကိုင်ဒိုရှိ အခြားရှင်ကန်ဆန်ရထားလိုင်းတွေမှာလည်း အလုပ်လုပ်ရင်း စီးနင်းလိုက်ပါနိုင်ပါတယ်။
ခရီးသည်တွေအနေနဲ့ အလုပ်လုပ်ရင်း အပန်းဖြေခရီးထွက်နိုင်ဖို့ JR East ကုမ္ပဏီက မျှော်လင့်ထားပါတယ်။

ကိုဗစ်ရောဂါကြောင့် ခရီးသွားလာမှုလျော့ကျနေရာမှ အလုပ်ခရီးထွက်ချင်တဲ့သူတွေ ရှိလာနိုင်ပါတယ်။ရထားပေါ်မှာ ခရီးသည်တွေ ပြည့်ကျပ်ညပ်တာမျိုးမဖြစ်အောင် စနေတနင်္ဂနွေပိတ်ရက်တွေ အများပြည်သူရုံးပိတ်ရက်တွေနဲ့ နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာတော့ ပြေးဆွဲသွားမှာ မဟုတ်ပါဘူး။

အခုအချိန်မှာ ရထားတွဲအပြင်ပန်းနဲ့ ထိုင်ခုံနေရာတွေကို အလှဆင်ပြုပြင်ခြင်း မပြုလုပ်သေးပေမယ့် နောင်အချိန်မှာ ပြန်လည်မွမ်းမံသွားဖို့ရှိကြောင်း JR East ကဆိုပါတယ်။

Source: Kyodo News