#WorldHealth

Published -  27 November 2021

ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးပြီးပါက ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံစာကို ၉ လအထိ အကျုံးဝင်ကြောင်း သတ်မှတ်ဖို့ ဥရောပသမဂ္ဂက ကြာသပတေးနေ့က အကြံပြုလိုက်ကြောင်း ရိုက်တာသတင်းဌာနကို တင်ပြသွားပါတယ်။

ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံစာ အကျုံးဝင်ချိန်ကို ၈ လ ဒါမှမဟုတ် ၉ လ သတ်မှတ်ဖို့ အချိန်ကြာမြင့်စွာဆွေးနွေးခဲ့ကြပြီးနောက် ယခုလို ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

booster အားမြှင့်ကာကွယ်ဆေး ထိုးထားတဲ့သူတွေကတော့ ထောက်ခံစာအကျုံးဝင်ကာလ အလိုအလျောက်တိုးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒီအကြံပြုချက်ကို သေသေချာချာတော့ မဆုံးဖြတ်ရသေးပေမယ့် ဥရောပသမဂ္ဂနိုင်ငံတွေအကြား တသမတ်တည်းဖြစ်သွားအောင် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဥရောပရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (ECDC)က အရွယ်ရောက်ပြီးသူ အားလုံး booster အားမြှင့်ကာကွယ်ဆေး ထိုးသင့်ကြောင်း အကြံပြုပြောကြားပြီးနောက် ကာကွယ်ဆေးထောက်ခံစာအကြောင်း သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ဥရောပသမဂ္ဂနိုင်ငံတွေအကြား ခရီးသွားလာရာမှာ booster အားမြှင့်ကာကွယ်ဆေး ထိုးရမယ့်အခြေအနေကို ဥရောပသမဂ္ဂအနေနဲ့ ထည့်သွင်းသတ်မှတ်သင့်ကြောင်း ဂရိဝန်ကြီးချုပ်ကီရီယာကိုစ်မစ်ဆိုတာကစ်က ဗုဒ္ဓဟူးနေ့က အကြံပြုလိုက်ပါတယ်။

ဥရောပမှာ ကိုဗစ်ရောဂါကူးစက်မှု အလွန်မြင့်တက်နေတဲ့အချိန်မှာ အခုလိုအကြံပြုချက်တွေ ပြောကြားလာကြတာ ဖြစ်ပါတယ်။နိုဝင်ဘာလအစောပိုင်းက ဂျာမနီနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှု စံချိန်တင်များပြားခဲ့တဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။

"ရောဂါခုခံနိုင်စွမ်းကတော့ ရရှိလာမှာပါ။ ကာကွယ်ဆေးက ရမလား ရောဂါကူးစက်မှုကနေ ရမလားဆိုတာပဲ ကွာတာပါ။ ကျွန်တော်တို့ကတော့ ကာကွယ်ဆေးထိုးနှံခြင်းကရတဲ့ ခုခံနိုင်စွမ်းကိုပဲ အားပေးချင်ပါတယ်"လို့ ဂျာမနီကျန်းမာရေးဝန်ကြီး ယန်းစ်စပန်းက ဘာလင်သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားသွားပါတယ်။

ဩစတြီးယားနိုင်ငံမှာ အရင်ရက်တွေက ကိုရိုနာကာကွယ်ဆေးမထိုးထားတဲ့သူတွေကို လော့ဒေါင်းချထားရာမှ တနင်္လာနေ့ကစပြီး တစ်နိုင်ငံလုံးကို လော့ဒေါင်းချလိုက်ပြီဖြစ်ပါတယ်။

Source: The Jerusalem Post