#WorldHealth

Published -  26 November 2021

တောင်အာဖရိကနိုင်ငံမှ သိပ္ပံပညာရှင်တွေက ကိုဗစ်ရောဂါပိုး မျိုးဗီဇကွဲအသစ်တစ်ခုကို လူအနည်းငယ်မှာ တွေ့ရှိခဲ့ကြပြီး နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အခြေအနေတွေကို နားလည်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြကြောင်း ကြာသပတေးနေ့က ဆိုပါတယ်။

B.1.1.529 လို့ခေါ်တဲ့ မျိုးဗီဇကွဲဟာ ပုံမှန်မဟုတ်တဲ့ အစုလိုက်အပြုံလိုက်သန္ဓေပြောင်းခြင်းမျိုး ဖြစ်ပေါ်နေတာကြောင့် စိုးရိမ်ရတဲ့အနေအထားရှိပါတယ်။ဒီမျိုးဗီဇကွဲက ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကို ရှောင်ရှားသွားနိုင်ပြီး ပိုမိုကူးစက်နိုင်ဖွယ်ရှိတယ်လို့  သိပ္ပံပညာရှင်တွေက သတင်းထောက်တွေကို ပြောကြားထားပါတယ်။

ဓာတ်ခွဲခန်းစမ်းသပ်စစ်ဆေးချက်တွေအရ ဒီမျိုးဗီဇကွဲဟာ လူဦးရေအထူထပ်ဆုံး ဂေါ်တန်ဒေသမှာ မြန်မြန်ဆန်ဆန်ပျံ့ပွားနေပြီး တခြားဒေသ ၈ ခုမှာလည်း ရောက်ရှိနေလောက်ပြီဖြစ်ကြောင်း သတိပေးထားပါတယ်။

နေ့စဉ်ရောဂါကူးစက်မှုမှတ်တမ်းများအရ ကိုဗစ်ရောဂါနောက်ထပ်ကူးစက်သူ ၂၄၆၅ ဦးရှိခဲ့ပြီး အရင်နေ့ကထက် ၂ ဆနီးပါးကူးစက်ထားကြောင်း အမျိုးသားကူးစက်ရောဂါရှာဖွေရေးအဖွဲ့အစည်း (NICD)က သတင်းတင်ပြထားပါတယ်။အခုလိုရောဂါကူးစက်မှုပြန်လည်ဖြစ်ပေါ်လာတာဟာ မျိုးဗီဇကွဲအသစ်ကြောင့်ဖြစ်တယ်လို့တော့ NICD က အတည်မပြုထားသေးပါဘူး။

ဒါပေမဲ့ အချို့သိပ္ပံပညာရှင်ကြီးတွေကတော့ မျိုးဗီဇကွဲအသစ်ကြောင့် ဖြစ်နိုင်ကြောင်း ယူဆထားပါတယ်။တောင်အာဖရိကမှာ B.1.1.529 နမူနာမျိုးစိတ် ၁၀၀ လောက်ကို စစ်ဆေးခဲ့ပါတယ်။အဲဒီမျိုးဗီဇကွဲကို တောင်အာဖရိကနိုင်ငံ ဘော့စ်ဝါနာမြို့နဲ့ ဟောင်ကောင်တို့မှာလည်း တွေ့ရှိခဲ့ရပါတယ်။

ဟောင်ကောင်မှာ တွေ့ရှိခဲ့တဲ့ B.1.1.529 မျိုးဗီဇကွဲကူးစက်သူက တောင်အာဖရိကမှ ရောက်လာတဲ့သူဖြစ်ကြောင်း သိရပါတယ်။ဂေါ်တန်ဒေသက နောက်ဆုံးရောဂါကူးစက်ထားသူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က B.1.1.529 မျိုးဗီဇကွဲ ကူးစက်တာဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက ယုံကြည်ထားကြပါတယ်။

"အချက်အလက်တွေနည်းပါးနေပေမယ့် ဒီမျိုးဗီဇကွဲအသစ်ကို ရာနှုန်းပြည့်စောင့်ကြည့်နေကြပြီး နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အခြေအနေတွေကို သိရှိအောင် အချိန်ပေးဆောင်ရွက်နေကြပါတယ်"လို့ NICD က ဆိုပါတယ်။

WHO အနေနဲ့ မျိုးဗီဇကွဲအသစ်နဲ့ပတ်သက်ပြီး ဗိုင်းရပ်စ်ပိုးဆင့်ကဲပြောင်းလဲလာပုံကို အရေးပေါ်ဆွေးနွေးတိုင်ပင်ဖို့ တောင်အာဖရိကက တောင်းဆိုထားပါတယ်။
ကျန်းမာရေးဝန်ကြီးဂျိုးဖာလာက အစိုးရအနေနဲ့ ထိန်းချုပ်ကန့်သတ်ချက်တွေ ပိုတင်းကျပ်လာအောင် ချမှတ်ဖို့ ကတော့ စောလွန်းနေသေးတယ်လို့  ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘီတာမျိုးဗီဇကွဲ စတင်တွေ့ရှိခဲ့တဲ့နိုင်ငံကလည်း တောင်အာဖရိကနိုင်ငံဖြစ်နေပါတယ်။ဘီတာမျိုးဗီဇကွဲဟာ ကူးစက်မြန်ပြီး ကာကွယ်ဆေးသက်ရောက်မှုလည်း အားနည်းတာကြောင့် WHO က စိုးရိမ်ရတဲ့မျိုးဗီဇကွဲ ၄ မျိုးထဲ ထည့်သွင်းသတ်မှတ်ထားတာဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံမှာ အခုနှစ်အစောပိုင်းကလည်း C.1.2 မျိုးဗီဇကွဲကို တွေ့ရှိခဲ့ပေမယ့် ဒယ်လ်တာမျိုးဗီဇကွဲလောက် စိုးရိမ်ရတဲ့အနေအထားမဟုတ်ခဲ့ပါဘူး။

Source: Reuters