#WorldHealth

Published - 26 November 2021

တောင်အာဖရိကမှာ ကာကွယ်ဆေးတိုးနိုင်ပုံမရတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ်တစ်ခု တွေ့ရှိပြီးနောက် အာရှနိုင်ငံတွေဟာ ပိုမိုတင်းကြပ်တဲ့ ကန့်သတ်မှုတွေကို အပြေးအလွှား ပြုလုပ်လာနေကြပါတယ်။ စင်္ကာပူနှင့် အိန္ဒိယတို့က ပိုမိုတင်းကြပ်တဲ့ နယ်ခြားထိန်းချုပ်မှုတွေပြုလုပ်ဖို့နှင့် ကိုဗစ်စစ်ဆေးမှုတွေကို ပိုမို တင်းကျပ်စွာဆောင်ရွက်မယ်လို့ ယနေ့ နိုဝင်ဘာ ၂၆ရက်မှာကြေညာလိုက်ကြပါတယ်။

ဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ်နှင့်ပတ်သက်တဲ့ အကြောင်းအရာကို ပိုမိုသိရှိအောင် စတင်တွေ့ရှိတယ်လို့သိတဲ့အချိန်ကစပြီး  သိပ္ပံပညာရှင်တွေက ရှာဖွေနေဆဲဖြစ်ပါတယ်။ သောကြာနေ့မှာတော့ အာရှရဲ့ ဘဏ္ဍာရေးဈေးကွက်မှာ စတော့တွေဟာ သိသိသာသာကျသွားပြီး လောင်စာဆီဈေးနှုန်းတွေကို ၃ရာခိုင်နှုန်းကျော်တက်လာပါတယ်။

မျိုးဗီဇသစ် B.1.1.529ဟာ ဘော့စ်ဝါနာနှင့် ဟောင်ကောင်မှာလည်းတွေ့ရတယ်လို့ ဗြိတိန်ကျန်းမာရေးလုံခြုံရေးအေဂျင်စီကနေ သိရှိရပါတယ်။မျိုးဗီဇကွဲအသစ်ရဲ့ သတိပေးမှုကြောင့် ဗြိတိန်ဟာ တောင်အာဖရိက၊နမ်ဘီးယား၊ဘော့စဝါနာ၊ဇင်ဘာဘွေ၊လက်ဆိုတိုနှင့် အက်စ်ဝါတီနီတိုကလာမယ့် လေယာဉ်ခရီးစဉ်တွေကို သောကြာနေ့က ဖျက်သိမ်းလိုက်ပါတယ်။ပြီးတော့ အဲဒီကပြန်လာတဲ့ ဗြိတိန်ခရီးသွားတွေကိုလည်း ကွာရတင်းလုပ်ဖို့ပြောထားပါတယ်။

စင်္ကာပူကလည်း ဗြိတိန်နှင့်အတူအမြန်ပူးပေါင်းလိုက်ပါတယ်။ စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနက တောင်အာဖရိကနှင့် အခြားအနီးအနားနိုင်ငံတွေကလာရောက်သူတွေကို ကန့်သတ်မယ်လို့ သောကြာနေ့ကပြောပါတယ်။

ဂျပန်အစိုးရကလည်း တောင်အာဖရိကနှင့် အာဖရိကနိုင်ငံငါးနိုင်ငံက ဧည့်သည်တွေဝင်ရောက်လာမှာကို တင်းကြပ်စွာထိန်းချုပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဂျီဂျီသတင်းဌာနက သတင်းရေသားပါတယ်။

ဒီလစောစောပိုင်းက ခရီးသွားကန့်သတ်ချက်တွေကို ဖြေလျော့ပေးပြီးနောက် အိန္ဒိယ ဗဟိုအစိုးရက တောင်အာဖရိကနှင့် အခြား အန္တရာယ်ရှိတဲ့နိုင်ငံတွေကလာမယ့်ခရီးသွားတွေကို စစ်ဆေးမှုတွေအပြင်းအထန်လုပ်မယ်လို့ ကြေညာပါတယ်။

မျိုးဗီဇသစ်ရဲ့ စပိုက်ပရိုတိန်းဟာ မူရင်းကိုရိုနာဗိုင်းရပ်စ်နှင့် သိသာထင်ရှားစွာကွဲပြားနေပါတယ်လို့ ဗြိတိန်ကျန်းမာရေး လုံခြုံရေးအေဂျင်စီကဖြည့်စွက်ပြောကြားပါတယ်။

Source Reuters