#WorldHealth

Published-  26 November 2021

တောင်ကိုရီးယားနိုင်ငံမှ အင်ဇိုင်ခမ်လိုက်ဖ်ဆိုင်းယန့်စ် (Enzychem Lifesciences) ဆေးကုမ္ပဏီက အိန္ဒိယဆေးကုမ္ပဏီ ကာဒီလာဟက်လ်ကဲ (Cadila Healthcare)မှ မူပိုင်ထုတ်လုပ်တဲ့ DNA ကိုဗစ်ကာကွယ်ဆေးအမျိုးအစားကို အနည်းဆုံးသန်း ၈၀ ထုတ်လုပ်သွားမှာဖြစ်ကြောင်း အိန္ဒိယဆေးဝါးထုတ်လုပ်ရေးက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

ညှိနှိုင်းသဘောတူညီချက်အရ ကာဒီလာကုမ္ပဏီက သူတို့ရဲ့ DNA ကာကွယ်ဆေးထုတ်ဖော်ပုံ နည်းပညာတွေကို အင်ဇိုင်ခမ်ဆီ ပေးပို့ သွားမှာဖြစ်ပြီး ZyCoV-D ကိုဗစ်ကာကွယ်ဆေးကို ကာဒီလာအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချသွားမှာဖြစ်ပါတယ်။

အဲဒီအတွက် ကာဒီလာက မူပိုင်ခွင့်လိုင်စင်ကြေး ရရှိသွားမှာဖြစ်ကြောင်း ဆိုပါတယ်။
"DNA နည်းပညာနဲ့ ကာကွယ်ဆေးထုတ်လုပ်တာဟာ ဈေးသက်သက်သာသာနဲ့ အချိန်ကုန်သက်သာစေပါတယ်။ DNA အမျိုးအစားကာကွယ်ဆေးတွေက သိပ်ပြီးအပြောင်းအလဲမရှိတဲ့အတွက် ပိုပြီးယုံကြည်စိတ်ချရပါတယ်"လို့  အင်ဇိုင်ခမ်လိုက်ဖ်ဆိုင်းယန့်စ်က ဥက္ကဌဖြစ်သူ ကီယောင်ဆွန်ကဆိုပါတယ်။

ZyCoV-D ကာကွယ်ဆေးက ဆေးထိုးအပ်မလိုဘဲ အလွယ်တကူထိုးနှံနိုင်တာကြောင့် မဖွံ့ ဖြိုးသေးတဲ့နိုင်ငံတွေမှာ အသုံးတည့်နိုင်ပါတယ်။ကာဒီလာရဲ့ ကိုဗစ်ကာကွယ်ဆေးကို ၃ ကြိမ်ထိုးနှံရတာဖြစ်ပါတယ်။

အသက် ၁၂ နှစ်နဲ့အထက်လူတွေမှာ ထိုးနှံနိုင်ဖို့  အိန္ဒိယဆေးဝါးကွပ်ကဲရေးအဖွဲ့ က အသိအမှတ်ပြုထားပြီးဖြစ်ပေမယ့် နိုင်ငံအတွင်းကာကွယ်ဆေးထိုးနှံရေး အစီအစဉ်မှာတော့ စတင်ထိုးနှံခြင်းမရှိသေးပါဘူး။

Source: Reuters