Published-10 July 2021

မော်စကိုနှင့်နယူးဒေလီတို့ဟာ ကိုဗစ်-၁၉ကပ်ရောဂါကာလအတွင်း ပူးပေါင်းဆောင်ရွက်မှုစံနမူနာအဖြစ်ပြသပြီး  ကာကွယ်ဆေးနှင့်နိုင်ငံတကာခရီးသွားတွေအပေါ် ခွဲခြားဆက်ဆံဖို့ကြိုးစားမှုမှန်သမျှခုခံကာကွယ်သွားမယ်လို့ နှစ်ဖက် နိင်ငံခြားရေးဝန်ကြီးတွေကပြောဆိုလိုက်ပါတယ်။ မော်စကိုကိုအလည်အပတ်ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဆူဘရာမန်နီယမ်ဂျေရှန်ကာနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့တို့က ပူးတွဲသဘောထာကြေညာချက်ထုတ်ပြန်ရာမှာ ကိုဗစ်ကာကွယ်ဆေးကို ပူးပေါင်းထုတ်လုပ်နိုင်မယ့် အစီအစဉ်တွေကိုပါ လိုရင်းအချုပ်ဖော်ပြခဲ့တာဖြစ်ပါတယ်။

“အိန္ဒိယနိုင်ငံမှာ ရုရှားကာကွယ်ဆေးထုတ်လုပ်မယ့်ကိစ္စဟာ  အဲဒီရောဂါကိုတွန်းလှန်နေတဲ့ တစ်ကမ္ဘာလုံးရဲ့ကြိုးပမ်းအားထုတ်မှုတွေအပေါ် အကြီးအကျယ်ထောက်ပံ့မှုပေးလိမ့်မယ် လို့  လာဗရော့ကပြောပါတယ်။ ရုရှားရဲ့တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုရန်ပုံငွေအဖွဲ့ဟာ ရုရှားရဲ့စပွတ်နစ်ဖိုက် ကာကွယ်ဆေးကို အိန္ဒိယမှာထုတ်လုပ်မှုစတင်ဖို့အိန္ဒိယရဲ့ ဆေးဝါးကုမ္ပဏီကြီးတွေနှင့် အလုပ်ကိစ္စညှိနှိုင်းခဲ့ကြပြီးဖြစ်ပါတယ်။ အိန္ဒိယကုမ္ပဏီတွေက စမ်းသပ်တဲ့အဆင့် အောင်မြင်စွာပြီးစီးရင် အမြောက်အမြားထုတ်လုပ်မှုတွေစတင်မယ်လို့သိရပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက သေဆုံးမှုစံချိန်တင်မြင့်မားနေတဲ့ ဗိုင်းရပ်စ်နောက်ဆုံးလှိုင်းမှာ  ရုရှားရဲ့ကူညီမှုကိုကျေးဇူး တင်ကြောင်းပြောကြားခဲ့ပါတယ်။ မေလကတည်းက ရုရှားက ဆေးဝါးတွေ၊စပွတ်နစ်ဖိုက်ကာကွယ်ဆေးအသုတ်လိုက် များစွာနှင့် အသက်ရှုစက်၊အောက်ဆီဂျင်တိုင်ကီတွေကို အိန္ဒိယကိုကူညီခဲ့တာဖြစ်ပါတယ်။ ရုရှားနှင့်အိန္ဒိယဟာ နှစ်နိုင်ငံအချင်းချင်းပဲ ဗိုင်းရပ်စ်ကိုတွန်းလှန်ရာမှာ ပူးပေါင်းတာမျိုးတင်မကဘဲ အခြားနိုင်ငံတွေ တွန်းလှန်နေရတာတွေကိုပါ ပူးပေါင်းကူညီသင့်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

ကာကွယ်ဆေးတွေထဲမှာမှရွေးပြီးအသိအမှတ်ပြုတာတွေ၊ ခရီးသွားတွေ မရှိမဖြစ်ကာကွယ်ဆေးလက်မှတ်တောင်းတာတွေ ကို အိန္ဒိယက ပူပန်နေတပါတယ်။ “ ခရီးမသွားခင်စစ်တာ၊ရောက်ရောက်ချင်းစစ်တာဟာ ခရီးသွားဖို့ အခြေခံလုံလောက်နေ ပါပြီလို့ ဂျေရှန်ကာကပြောပါတယ်။ အချို့သောဥရောပနိုင်ငံတွေဟာ ကာကွယ်ဆေးအချို့ကို ခွဲခြားသတ်မှတ်တာ၊အထူးသဖြင့် ရုရှားနှင့်တရုတ်က ကာကွယ်ဆေးတွေကိုတမင်နှိမ်ပစ်တာတွေကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ကထောက်ပြပြောဆိုပါတယ်။ “ ရုရှားနှင့် အိန္ဒိယဟာ ဒီအခြေအနေအပေါ် နိုင်ငံရေးအမြတ်ထုတ်ကြိုးစားတာကို ကန့်ကွက်တယ်” လို့ လာဗရော့ကဖြည့်စွက်ပြော ကြားပြီး မမျှတတဲ့ ယှဉ်ပြိုင်မှုလို့လည်းသူကဝေဖန်လိုက်ပါတယ်။

 Ref:RTNews/Reuters