#WorldHealth

Published-  9 November 2021

အမျိုးသမီးများကိုယ်ဝန်ဆောင်ထားချိန်မှာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရပါက သန္ဓေသားမှာ နောက်ဆက်တွဲဆိုးကျိုးတွေရှိလာနိုင်ပြီး ရေရှည်အထိ ထိရောက်မှုရှိမလားဆိုတာကတော့ တိတိကျကျမသိရသေးဘူးလို့ သုတေသီတွေက ဆိုပါတယ်။

ရောဂါပြင်းထန်စွာခံစားရပါက မီးဖွားချိန်မှာ ခုခံအားစနစ်ကို ထိခိုက်စေပြီး သားယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် ပိုမိုထိခိုက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ကိုဗစ်ရောဂါခံစားခဲ့ရတဲ့မိခင်မှ မွေးဖွားလာတဲ့ကလေးငယ်တွေဟာ ပုံမှန်အတိုင်းမွေးဖွားတဲ့ကလေးငယ်တွေနဲ့ ဘာတွေကွာခြားမှုရှိလာမလဲဆိုတာကိုတော့ သိရဖို့အများကြီးလိုသေးကြောင်း သားဖွားမီးယပ်အထူးကု ဒေါက်တာအန်ဒရီယာအက်ဒ်လိုးက ဆိုပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံရပြီး မွေးဖွားလာတဲ့ဖြစ်ရပ်ဟာ အလွန်ရှားပါးပြီး မွေးရာပါချို့တဲ့မှုတွေဟာ ကိုဗစ်ရောဂါနဲ့ မသက်ဆိုင်ဘူးလို့ ဒေါက်တာအက်ဒ်လိုးက ပြောပါတယ်။

ထိုအထူးကုဆရာဝန်မနဲ့ တခြားသုတေသီတွေဟာ ရေရှည်မှာဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုတော့ စိုးရိမ်နေကြပါတယ်။

မွေးရာပါချို့တဲ့ခြင်းနဲ့ ကိုယ်ဝန်ပျက်ကျခြင်းတို့အပြင် အခြားအခြေအနေတွေ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ ၁၉၁၈ ခုနှစ် တုပ်ကွေးရောဂါကပ်ဆိုးပျံ့နှံ့ချိန်မှာ မွေးဖွားလာတဲ့ကလေးငယ်တွေဟာ ဦးနှောက်ဖွံဖြိုးမှုချို့တဲ့တဲ့ လက္ခဏာတွေ၊ ဂဏာမငြိမ်ခြင်း၊ အထီးကျန်ဝေဒနာခံစားရခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်းတွေ ဖြစ်နိုင်ချေများခဲ့တာဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေဟာ ရောဂါလက္ခဏာခံစားရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဖြစ်နိုင်ချေနည်းပါးပြီး ယောက်ျားလေးတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။

"ကျွန်မတို့ရဲ့ရည်ရွယ်ချက်က လူတွေကိုကြောက်စေချင်တာမဟုတ်ပါဘူး။ ကလေးတွေကို ဆက်လက်စောင့်ကြည့်သွားဖို့လိုကြောင်း အသိပေးချင်တာပါ"လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ကလေးကူးစက်ရောဂါအထူးကု ဒေါက်တာကာရင်နီလ်ဆင်စိန်းစ်က ဆိုပါတယ်။

"ကိုယ်ဝန်ဆောင်စဉ်မှာ ရောဂါပိုးကို ခုခံအားစနစ်ကတုံ့ပြန်တာကြောင့် မွေးလာပြီးနောက်မှာ ဦးနှောက်ဖွံ့ဖြိုးမှုချို့တဲ့ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာချို့တဲ့ခြင်းတွေ ဖြစ်လာနိုင်တယ်လို့ အထောက်အထားတွေရှိပါတယ်"လို့ ဆိုပါတယ်။

ထိုအထူးကုနဲ့ အဖွဲ့တွေက အမေရိကန်နဲ့ဘရာဇီးလ်ရှိ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက မွေးလာတဲ့ကလေးငယ်အယောက် ၅၀၀ လောက်ကို နောက်ထပ်အနည်းဆုံး ၃ နှစ်လောက်အထိ စောင့်ကြည့်လေ့လာသွားမှာဖြစ်ပါတယ်။

ရောဂါပြင်းထန်စွာခံစားခဲ့ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက မွေးဖွားလာတဲ့ကလေးငယ်တွေကို ပိုစိုးရိမ်နေရပြီး ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးသင့်ကြောင်း အကြံပြုထားပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ဘေးကင်းစိတ်ချရကြောင်း လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပြီး ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)က ကာကွယ်ဆေးထိုးနှံသင့်ကြောင်း အကြံပြုထားပေမယ့် ကိုယ်ဝန်ဆောင်တွေ ကာကွယ်ဆေးထိုးနှံမှုနှုန်းကတော့ နည်းနေပြီး စက်တင်ဘာလဝက်အထိ ကိုယ်ဝန်ဆောင်အရေအတွက်ရဲ့ ၃ ပုံ ၁ ပုံလောက်သာ ကာကွယ် ဆေးထိုးထားတာဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးလို့ ခုခံအားစနစ်ကတုံ့ပြန်ပြီး antibody ခုခံအားတွေ အမြောက်အများထွက်လာကာ ထို antibody တွေက သားအိမ်အချင်းကိုဖြတ်ပြီး သန္ဓေသားလေးကို ကာကွယ်ပေးနိုင်တယ်ဆိုတာကို မသိသေးတဲ့ ကလေးမိဘတွေအများကြီး တွေ့ရကြောင်း သားဖွားမီးယပ်အထူးကုအဖွဲ့မှ ဒါရိုက်တာဖြစ်သူ ဒေါက်တာအီရော့ဘော့ဘိုက ဆိုပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း ရောဂါပိုးကူးစက်တဲ့အခါမှာလည်း မိခင်နဲ့ကလေးမှာ antibody ခုခံအားထွက်လာပေမယ့် ဒီလိုတုံ့ပြန်မှုက ခန့်မှန်းရခက်ခဲပြီး အမျိုးမျိုးပြောင်းလဲနိုင်တယ်လို့ ဒေါက်တာအက်ဒ်လိုးက သတိပေးထားပါတယ်။သားယောက်ျားလေးတွေက မိန်းကလေးတွေလောက် ရောဂါကာကွယ်နိုင်မှုမရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။

Source: USA Today