#WorldTravel

Published-  9 November 2021

ကာကွယ်ဆေးထိုးပြီးသားသူတွေအနေနဲ့ နိုဝင်ဘာ ၂၉ ရက်ကစပြီး စင်္ကာပူရှိ ချန်ဂီလေဆိပ်နဲ့ မလေးရှားရှိ ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်တို့အကြား ကွာရန်တင်းဝင်စရာမလိုအပ်ဘဲ သွားလာနိုင်တော့မှာဖြစ်ပါတယ်။

စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong နဲ့ မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob တို့က နှစ်နိုင်ငံပူးပေါင်းပြီး ကာကွယ်ဆေးထိုးပြီးသားသူတွေကို သွားလာခွင့်ပြုဖို့အစီအစဉ်(VTL)ကို နိုဝင်ဘာ ၈ ရက်နေ့က ကြေညာခဲ့ပါတယ်။

စစချင်းမှာတော့ နှစ်နိုင်ငံအကြား ကွာရန်တင်းဝင်မလိုဘဲ ပျံသန်းသွားလာမယ့် လေကြောင်းခရီးစဉ် ၆ ခု စီစဉ်ထားပါတယ်။ဒီခရီးစဉ်မှာ လိုက်ပါချင်တဲ့သူတွေက နိုဝင်ဘာ ၂၂ ရက်နေ့ကစလို့ လျှောက်ထားလို့ရမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို မကြာခင်ကြေညာသွားမှာဖြစ်ပါတယ်။

ဒီနှစ်နိုင်ငံအကြား ပြန်လည်သွားလာခွင့်ပေးလိုက်ခြင်းဖြင့် ကိုဗစ်ရောဂါကပ်ဆိုးကြောင့် ဝေးကွာနေခဲ့ရတဲ့ မိသားစုတွေ မိတ်ဆွေသူငယ်ချင်းတွေ ဆုံတွေ့နိုင်တော့မှာဖြစ်သလို ဝန်ထမ်းအလုပ်သမားတွေလည်း ပြန်လည်ဝင်ရောက်လာနိုင်ကာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်တော့မှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်နှစ်ဦးက တနင်္လာနေ့က တယ်လီဖုန်းဖြင့်ပြောကြားကြရာ ဘေးကင်းစိတ်ချရစွာဖြင့် နှစ်နိုင်ငံအကြားသွားလာခွင့်ကို ပြန်လည်ခွင့်ပြုဖို့အကြောင်း၊ နှစ်နိုင်ငံစလုံးမှာ ကိုဗစ်ကာကွယ်ဆေးအများအပြား ထိုးထားပြီး ကိုဗစ်ရောဂါပျံ့ပွားမှုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

သွားလာခွင့်ကို လေကြောင်းလိုင်းတစ်ခုတည်းသာ ခွင့်ပြုသွားမှာဖြစ်ပြီး ကုန်းလမ်းကြောင်းက ဝင်ရောက်တာကိုတော့ ခွင့်ပြုမှာမဟုတ်ပါဘူး။"ဝန်ကြီးချုပ်တွေက နောက်မကြာခင်အချိန်မှာ နှစ်နိုင်ငံအကြား သတ်မှတ်ထားတဲ့ကုန်းလမ်းကြောင်းတွေကနေ သွားလာခွင့်ပြုဖို့ကိုလည်း ရှေးရှုလုပ်ဆောင်လျက်ရှိပါတယ်"လို့ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်လီက စင်္ကာပူနဲ့မလေးရှားတို့ဟာ နိုင်ငံအကြားအဖက်ဖက်မှ နွေးထွေးတဲ့ဆက်ဆံရေးဖြင့် ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။"ဒီလိုမျိုး သွားလာခွင့်ပြုလိုက်တဲ့အစီအစဉ်ကြောင့် ကျွန်တော်တို့ရဲ့ ငွေကြေးစီးပွားရေး လူမှုဆက်ဆံရေးနဲ့ နှစ်နိုင်ငံအကြားဆက်ဆံရေးတွေ ပြန်လည်ထူထောင်လာနိုင်မှာဖြစ်တယ်"လို့ ဆိုပါတယ်။

"ကုန်းလမ်းကြောင်းကနေ သွားလာခွင့်ပြုဖို့ကိစ္စကိုလည်း ကျွန်တော်တို့ဆွေးနွေးတိုင်ပင်နေကြပါတယ်။ သိပ်မကြာခင်မှာ စင်္ကာပူနဲ့ဂျိုဟာအကြား အလားတူသွားလာခွင့်ပြုလုပ်သွားဖို့ ရှိပါတယ်"လို့ ဝန်ကြီးချုပ်လီက ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။

ဝန်ကြီးချုပ် Datuk Seri Ismail က VTL အစီအစဉ်ဟာ နှစ်နိုင်ငံအကြား နှစ်ပေါင်းကြာရှည်စွာ ပူးပေါင်းဆောင်ရွက်ရေးမှာ နောက်ထပ်အရေးပါတဲ့မဏ္ဍိုင်တစ်ခုဖြစ်ပြီး ဒီအစီအစဉ်ကို ထိရောက်စွာ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောသွားပါတယ်။

"နှစ်နိုင်ငံအကြား ခရီးသွားလာခွင့်ပြုဖို့ VTL အစီအစဉ်ကို လုပ်ဆောင်ရာမှာ ကျွန်တော်တို့ရဲ့စီးပွားရေးအခြေအနေ ပြန်လည်ထူထောင်လာဖို့လိုအပ်သလို ပြည်သူတွေကိုလည်း ကိုဗစ်ရောဂါဘေးအန္တရာယ်မှ ကင်းဝေးအောင် ဆောင်ရွက်သွားရမှာဖြစ်တယ်"လို့ ပြောပါတယ်။

စင်္ကာပူနိုင်ငံဟာ ဩစတြေးလျ ဗြိတိန် အမေရိကန်အပါအဝင် နိုင်ငံ ၁၃ နိုင်ငံနဲ့လည်း VTL အစီအစဉ်ဆောင်ရွက်သွားဖို့ကို အစောပိုင်းကကြေညာထားပါတယ်။

Source: The Strait Times