#WorldHealth

Published- 9  November 2021

ကာကွယ်ဆေးထိုးပြီးသားသူတွေမှာ ကိုဗစ်ရောဂါပိုးကူးစက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ကိုရိုနာဗိုင်းရပ်စ်ကိုထိန်းချုပ်ဖို့ အခက်အခဲတွေရှိနေပါတယ်။

ကိုဗစ်ရောဂါအကြောင်းလေ့လာမှုမှာ တခြားနိုင်ငံတွေထက် ရှေ့ပိုရောက်နေတဲ့ ဗြိတိန်ပြည်ထောင်စုမှာတောင် ရောဂါကူးစက်မှုတွေ မြင့်တက်နေပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေဟာ ကိုဗစ်ရောဂါကြောင့် ရောဂါပြင်းထန်စွာခံစားရမှုနဲ့ အသက်အန္တရာယ်သေဆုံးမှုတို့ကို တော်တော်များများ ကာကွယ်ပေးနိုင်ပေမယ့် ကူးစက်မှုလုံးဝမဖြစ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။

အချို့အခြေအနေတွေမှာ ရောဂါပိုးဝင်ရောက်လာလို ခန္ဓာကိုယ်ခုခံအားစနစ်က မတိုက်ဖျက်နိုင်ခင်မှာပဲ ဗိုင်းရပ်စ်တွေမျိုးပွားပြီး ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာပါတော့တယ်။

ကာကွယ်ဆေးအာနိသင်ဟာ အချိန်ကြာလာတာနဲ့အမျှ နည်းပါးလာတာကြောင့် ဗြိတိန်ပြည်ထောင်စုအပါအဝင် နိုင်ငံအတော်များများက အားမြှင့်ကာကွယ်ဆေး booster ထိုးဖို့ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးပြီးတဲ့သူ များလာတာနဲ့အမျှ ထိုလူတွေမှာ ရောဂါကူးစက်မှုတွေ အဖြစ်များလာနိုင်တယ်လို့ ခန့်မှန်းရပြီး တွေ့ရှိချက်တစ်ခုမှာ ကာကွယ်ဆေးထိုးပြီးသားသူတွေဟာ ရောဂါပိုးကူးစက်နိုင်ခြေ မြင့်မားတာကို တွေ့ရှိရပါတယ်။

ကာကွယ်ဆေးမထိုးရသေးတဲ့ ကလေးတွေမှာ ရောဂါပိုးရှိနေမယ်ဆိုရင် အနီးအနားက ကာကွယ်ဆေးထိုးပြီးသားလူကြီးမိဘတွေမှာ ရောဂါပိုးဝင်ရောက်နိုင်ခြေရှိနေပါတယ်

ကိုဗစ်ရောဂါလက္ခဏာရှိသူတွေနဲ့ တစ်အိမ်တည်းအတူနေတဲ့ ကာကွယ်ဆေးထိုးပြီးသားသူတွေဟာ ရောဂါပိုးကူးစက်နိုင်ခြေ ၂၅ ရာခိုင်နှုန်းရှိတယ်လို့ ဗြိတိန်ပြည်ထောင်စုက တွေ့ရှိချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးထိုးပြီးသား ကိုဗစ်ရောဂါဖြစ်နေသူတွေနဲ့ တစ်အိမ်တည်းအတူရှိနေတဲ့ ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေဟာလည်း ရောဂါပိုးကူးစက်နိုင်ပါသေးတယ်။

ဗြိတိန်ပြည်ထောင်စုမှာ ရောဂါကူးစက်မှုများပြားလာရတာဟာ ကူးစက်နှုန်းမြန်တဲ့ ဒယ်လ်တာမျိုးဗီဇကွဲကြောင့်နဲ့ ခပ်ခွာခွာနေထိုင်မှုတွေ ထိန်းချုပ်ကန့်သတ်ချက်တွေကို မလိုက်နာတော့တာကြောင့်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

အင်္ဂလန်မှာ ကာကွယ်ဆေးထိုးပြီးသားသူတွေ ရောဂါကူးစက်မှုဖြစ်ပွားတာဟာ ဩဂုတ်လလယ်ကထက် ပိုများလာပြီဖြစ်ပါတယ်။

"ကာကွယ်ဆေးထိုးပြီးသားသူတွေမှာ ကိုဗစ်ရောဂါကူးစက်ခြင်းဟာ ဖြစ်တောင့်ဖြစ်ခဲ့အခြေအနေတော့ မဟုတ်သလို သိပ်ပြီးစိုးရိမ်လဲ မရှိပါဘူး"လို့ ဗိုင်းရပ်စ်ကာကွယ်ဆေးသုတေသနစင်တာမှ ဒါရိုက်တာဖြစ်သူက ဆိုပါတယ်။

ကာကွယ်ဆေးထိုးထားတဲ့သူတွေက ရောဂါပိုးကူးစက်ခဲ့ရင်တောင် ရောဂါလက္ခဏာပြင်းထန်ခြင်းမရှိဘဲ အလျင်အမြန်ပြန်လည်သက်သာလာနိုင်တယ်လို့ လန်ဒန်အင်ပီရီယယ်လ်ကောလိပ်မှ ပရော်ဖက်ဆာလာဗာနီက ဆိုပါတယ်။
Source: Wall Street Journal