#WorldHealth

Published-  7 November 2021

ကာကွယ်ဆေးထုတ်လုပ်တဲ့ Novavax ကုမ္ပဏီက သူတို့ရဲ့ကာကွယ်ဆေးကို WHO အသိအမှတ်ပြုပေးဖို့ တောင်းဆိုချက်တင်သွင်းလိုက်ပြီဖြစ်ကြောင်း ကြာသပတေးနေ့က ပြောသွားပါတယ်။
အင်ဒိုနီးရှားမှာအသုံးပြုခွင့်ရရှိခဲ့ပြီးနောက် သတ်မှတ်ထားတဲ့စံချိန်စံညွှန်းအတိုင်း ထုတ်လုပ်ထားကြောင်း တင်ပြသွားပါတယ်။

"ကမ္ဘာမှာ စတုတ္ထမြောက်လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံးအသိအမှတ်ပြုလိုက်တဲ့အတွက် ဒီကိုဗစ်ကာကွယ်ဆေးက နိုင်ငံရဲ့အဓိကလိုအပ်ချက်ကြီးကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး လူဦးရေလုံလုံလောက်လောက် ထိုးနှံနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်"လို့ အမှုဆောင်ချုပ် Stanley Erck က ဆိုပါတယ်။

Novavax ကုမ္ပဏီက အိန္ဒိယနဲ့ ဖိလစ်ပိုင်တို့လိုနိုင်ငံတွေက တာဝန်ရှိသူတွေကိုလည်း သူတို့ရဲ့ကာကွယ်ဆေးအသုံးပြုခွင့်အပေါ် ဆုံးဖြတ်ချက်ချပေးဖို့ မျှော်လင့်နေပါတယ်။

WHO မှ အသိအမှတ်ပြုလိုက်ပါက စီးပွားရေးခက်ခဲနေတဲ့ နိုင်ငံငယ်လေးတွေမှာ ကာကွယ်ဆေးထောက်ပံ့ပေးနေတဲ့ Covax အစီအစဉ်ထံကို Novavax က စတင်ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။

Novavax က သူတို့ရဲ့ကာကွယ်ဆေးတွေကို တကမ္ဘာလုံးကို တင်ပို့ဖို့ပြင်ဆင်ထားကြောင်း Erck က ပြောထားပါတယ်။Novavax နဲ့လက်တွဲလုပ်ကိုင်တဲ့ အိန္ဒိယမှ Serum Institute ကလည်း ကာကွယ်ဆေး ၁၀ သန်းကျော်ကို တင်ပို့ဖို့ထုတ်လုပ်ထားပြီးပြီဖြစ်ကြောင်း ဆိုပါတယ်။

အမေရိကန်မှ အသိအမှတ်ပြုခံရဖို့ နှစ်ကုန်ပိုင်းအထိစောင့်ဆိုင်းရဖို့ရှိနေပါတယ်။
ကမ္ဘာတဝန်းမှ နိုင်ငံများအတွက် အားမြှင့်ကာကွယ်ဆေး booster တွေ ထောက်ပံ့သွားဖို့လည်း မျှော်လင့်ထားပြီး ကလေးငယ်တွေမှာ ကာကွယ်ဆေးထိုးနှံခွင့်ကိုလည်း တင်သွင်းဖို့စီစဉ်ထားပါတယ်။

"လာမယ့်နှစ်မှာ အားမြှင့်ကာကွယ်ဆေးတွေ လိုအပ်လာဖွယ်ရှိပါတယ်။ နောက်လတွေမှာ အားမြှင့်ကာကွယ်ဆေးလိုအပ်တဲ့ ဈေးကွက်နေရာတွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်"လို့ Erck က ဆိုပါတယ်။
Source: Reuters