#WorldHealth

Published- 7 November 2021

ဖိုင်ဇာကုမ္ပဏီက စမ်းသပ်ထုတ်လုပ်တဲ့ ကိုဗစ်ကုသရေးသောက်ဆေးဟာ အရွယ်ရောက်ပြီးသူတွေမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးမှု ဆေးရုံတက်ကုသခံရမှုနဲ့ ရောဂါဆိုးရွားလာနိုင်မှုတို့ကို ၈၉ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း စမ်းသပ်တွေ့ရှိရပြီး ကိုဗစ်ရောဂါကို တိုက်ထုတ်ဖို့အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်လာနိုင်ကြောင်း ကုမ္ပဏီက သောကြာနေ့မှာ ပြောကြားသွားပါတယ်။

Merck ဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ ကိုဗစ်ကုသရေးသောက်ဆေး Molnupiravir ဟာ ကိုဗစ်လူနာတွေမှာ ဆေးရုံတက်ကုသရမှု ရောဂါပြင်းထန်မှုနဲ့ သေဆုံးမှုတို့ကို တဝက်အထိ လျှော့ချနိုင်တယ်လို့ ပြီးခဲ့တဲ့လက ဖော်ပြထားပြီး စမ်းသပ်ချက်တွေအရ ဖိုင်ဇာရဲ့ကိုဗစ်ကုသရေးသောက်ဆေးက Molnupiravir ထက်သာလွန်နေတာကို တွေ့ရပါတယ်။

Paxlovid လို့ နာမည်ပေးထားတဲ့ ဖိုင်ဇာရဲ့သောက်ဆေးကို ဒီနှစ်အကုန်မှာ အမေရိကန်အာဏာပိုင်တွေက အသိအမှတ်ပြုသွားဖွယ်ရှိပါတယ်။

စမ်းသပ်ချက်အပြည့်အစုံကိုတော့ ဘယ်ကုမ္ပဏီကမှ ထုတ်ဖော်ထားခြင်း မရှိသေးပါဘူး။
အမေရိကန်အစိုးရအဖွဲ့က ဖိုင်ဇာသောက်ဆေး သန်းပေါင်းများစွာကို ဝယ်ယူဖို စီစဉ်ထားပြီးပြီဖြစ်တယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ဆိုပါတယ်။

"FDA အသိအမှတ်ပြုပြီးပါက ကိုဗစ်ရောဂါကူးစက်သူတွေကိုကုသဖို့ သောက်ဆေးတွေ မကြာခင်ရရှိတော့မှာဖြစ်ပါတယ်။ ဒီသောက်ဆေးအစီအစဉ်က ကိုဗစ်ရောဂါကြောင့် ဖြစ်လာနိုင်တဲ့ဘေးအန္တရာယ်တွေကို ကာကွယ်ဖို အသုံးဝင်လာမှာဖြစ်ပါတယ်"လို့ ဘိုင်ဒန်ကဆိုပါတယ်။

ဒီသောက်ဆေးကို Ritonavir လို့ခေါ်တဲ့သောက်ဆေးနဲ့တွဲပြီး သောက်သုံးရမှာဖြစ်ပြီး ကုသတဲ့အခါမှာ ဆေး ၃ လုံးကို တစ်နေ့ ၂ ကြိမ်သောက်သုံးရမှာဖြစ်ပါတယ်။

ဖိုင်ဇာက သူတို့ရဲ့သောက်ဆေးတွေကို နိုင်ငံပေါင်း ၉၀ မှာ ဖြန့်ဖြူးဖို့ ဆွေးနွေးနေပြီဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် Albert Boula က အင်တာဗျူးတစ်ခုမှာ ပြောသွားပါတယ်။

Merck က သူတို့သောက်ဆေးကို ဈေးနှုန်းသတ်မှတ်သလောက်ပဲ ဖိုင်ဇာကိုဗစ်ကုသရေးသောက်ဆေးကိုလည်း ဈေးနှုန်းသတ်မှတ်သွားမှာဖြစ်တယ်လို့ Boula ကဆိုပါတယ်။

Merck ကုမ္ပဏီက သူတို့ရဲ့ ၅ ရက်စာဆေးတစ်စုံအတွက် အမေရိကန်ကို ၇၀၀ ဒေါ်လာနဲ့ရောင်းချဖို့ သဘောတူညီထားပါတယ်။

ဖိုင်ဇာနဲ့ Merck တိုရဲ့သောက်ဆေးတွေ ရရှိလာတော့မှာဖြစ်ပေမယ့် ကိုဗစ်ရောဂါကိုထိန်းချုပ်ဖို့အတွက် ကာကွယ်ဆေးတွင်တွင်ကျယ်ကျယ်ထိုးနှံခြင်းကသာ ကိုဗစ်ရောဂါကူးစက်မှုကိုကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်နေသေးတယ်လို့ ကျွမ်းကျင်သူများက အကြံပြုထားပါတယ်။

"အခုကပ်ရောဂါကို ကာကွယ်ဖို့ကတော့ ကာကွယ်ဆေးထိုးနှံခြင်းက စိတ်ချအထိရောက်ဆုံးဖြစ်နေပါတယ်။ ကုသရေးသောက်ဆေးတွေက ရောဂါပြင်းထန်ဆိုးရွားမှု ဆေးရုံတက်ကုသရမှုနဲ့ သေဆုံးမှုတွေကို တော်တော်လေးလျှော့ချနိုင်မှာဖြစ်ပေမယ့် ရောဂါကူးစက်မှုကိုတော့ မကာကွယ်နိုင်ပါဘူး"လို့ စတန်းဖိုဒ်ဆေးပညာတက္ကသိုလ်မှ ဒေါက်တာဂရေ့စ်လီက ပြောကြားသွားပါတယ်။

ကာကွယ်ဆေးနဲ့ အားမြှင့်ကာကွယ်ဆေး booster မထိုးချင်တဲ့လူနည်းစုအတွက် ဖိုင်ဇာရဲ့သောက်ဆေးရရှိလာမယ်ဆိုရင် ရွေးချယ်စရာရှိလာမှာဖြစ်ပါတယ်။
Source: The Jerusalem Post