Published 7 November 2021

ကလေးငါးယောက်အပါအဝင် Mirza Ali Ahmadi နဲ့ ဇနီးဖြစ်သူ Suraya တို့ဟာ

အာဖဂန်နစ္စတန်ရှိ ကာဘူးလ်လေဆိပ်အပြင်ဘက်မှာ  ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအကြား ရောက်ရှိနေခဲ့ကြပြီး ခြံစည်းရိုးတံတိုင်းအကျော်ကနေ အမေရိကန်စစ်သားတစ်ဦးက အကူအညီပေးဖို့ လှမ်းခေါ်ခဲ့ပါတယ်။

 

နှစ်လသားအရွယ်သာရှိသေးတဲ့ ဆိုဟေးလ်လေးကို ရုန်းရင်းဆန်ခတ်တွေကြား ထိခိုက်သွားမှာဆိုးတဲ့အတွက် ကလေးလေးကို ထိုစစ်သားထံ ပေးအပ်လိုက်ပြီး ၁၆ ပေလောက်သာဝေးတဲ့ ထွက်ပေါက်ဆီကို မကြာခင်ရောက်ရှိနိုင်လိမ့်မယ်ထင်ခဲ့ပါတယ်။

 

အဲဒီအချိန် အမေရိကန်တပ်တွေ တပ်ဆုတ်ချိန်မှာ တာလီဘန်တွေက နိုင်ငံကိုလျင်လျင်မြန်မြန်ပဲ သိမ်းပိုက်လိုက်ပြီး ထွက်ပြေးတိမ်းရှောင်ကြတဲ့လူအများအပြားကို ပြန်ဆုတ်ခိုင်းခဲ့တယ်လို့ Mirza Ali က ဆိုပါတယ်။

 

လေဆိပ်တံတိုင်းဟိုဘက်ကို ရောက်ရှိဖို့ နာရီဝက်လောက်ကြာခဲ့ပါတယ်။

 

အထဲရောက်တဲ့အခါမှာ ဆိုဟေးလ်ကို ဘယ်မှာမှရှာမတွေ့တော့ပါဘူး။

 

အမေရိကန်သံရုံးမှာ လုံခြုံရေးဝန်ထမ်းအဖြစ် ၁၀ နှစ်ကြာအလုပ်လုပ်ခဲ့တဲ့ Mirza Ali က သူ့ကလေးရှိနိုင်မယ့်နေရာကို တာဝန်ရှိသူတွေထံ အသည်းအသန်မေးမြန်းခဲ့ပါတယ်။

 

စစ်ဗိုလ်တစ်ဦးက လေဆိပ်ဟာ အလွန်အန္တရာယ်များနေတာကြောင့် ကလေးတွေအတွက်သီးသန့်ထားရှိတဲ့နေရာကို ရောက်သွားလောက်ပြီလို့ ပြောခဲ့တာကြောင့် ထိုနေရာကိုသွားခဲ့ပေမယ့် ဘာမှမတွေ့ခဲ့ရဘူးလို့ Mirza Ali ကဆိုပါတယ်။

"အဲဒီစစ်ဗိုလ်နဲ့ ကျွန်တော်နဲ့ လေဆိပ်တစ်ခုလုံး ပတ်ရှာနေခဲ့ပါတယ်"လို့ Mirza Ali က ဘာသာပြန်တစ်ဦးနဲ့အင်တာဗျူးမှာ ပြောသွားပါတယ်။

 

အဲဒီဗိုလ်ကအင်္ဂလိပ်လိုမပြောတာကြောင့် နာမည်မသိခဲ့ရဘဲသံရုံးက အာဖဂန်လူတွေကို အားကိုးပြီး ၃ ရက်ကြာ ပြောဆိုဆက်ဆံခဲ့ရတယ်လို့ ပြောပါတယ်။

 

"လူ ၂၀ ထက်မနည်း ကျွန်တော်လိုက်မေးကြည့်ပါတယ်။ အရာရှိတွေ စစ်ဘက်ကရော အရပ်ဘက်ကရော တွေ့သမျှလူတိုင်းကို ကျွန်တော့်ကလေးအကြောင်း မေးမြန်းခဲ့ပါတယ်"လို့ ဆိုပါတယ်။

 

အရပ်ဘက်အရာရှိတစ်ယောက်ကတော့ ဒီမှာကလေးထိန်းပေးမယ့်လူနဲ့ ထားမယ့်နေရာမရှိတာကြောင့် ဆိုဟေးလ်က သူ့ဘာသာထွက်သွားလောက်ပြီ ထင်တယ်လို့ ပြောပါတယ်။

 

Mirza Ali တို့မိသားစုတစ်စုလုံးက လေယာဉ်ဖြင့် ကာတာကို ထွက်ပြေးတိမ်းရှောင်ကြတာဖြစ်ပြီး အဲဒီကနေမှ ဂျာမနီနဲ့ နောက်ဆုံးကျ အမေရိကန်ပြည်ကို သွားရောက်မှာဖြစ်ပါတယ်။

 

သူတို့ဟာ တခြားအာဖဂန်စစ်ဘေးရှောင်တွေနဲ့အတူ တက္ကဆက်စ်ရှိ Fort Bliss အမေရိကန်စစ်စခန်းကို ရောက်ရှိနေပြီး အမေရိကန်တစ်နေရာရာမှာ အခြေချဖို့ စောင့်ဆိုင်းနေကြပါတယ်။

 

Mirza Ali က သူတို့လိုပဲ တခြားကလေးတွေကိုလည်း ကာဘူးလ်လေဆိပ်တံတိုင်းပေါ်ကနေ စစ်သားတွေဆီကို လှမ်းပို့ပေးတာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

 

ဒိုက်ပါဝတ်ထားတဲ့ကလေးတစ်ယောက်ဆိုရင် ဝါယာကြိုးတန်းပေါ်ကနေ ပင့်ပြီးလှမ်းပေးနေပုံကို ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့ပါတယ်။

အဲဒီကလေးကတော့ သူ့မိဘတွေနဲ့ ပြန်လည်ပေါင်းစည်းမိပြီဖြစ်ပါတယ်။

 

Mirza Ali က တွေ့သမျှလူတိုင်းကို ဆိုဟေးလ်အကြောင်း မေးမြန်းအကူအညီတောင်းနေပေမယ့် အားလုံးက အကောင်းဆုံးလုပ်ပေးနေကြောင်း ကတိတွေပဲပေးနေခဲ့တယ်လို့ ဆိုပါတယ်။

 

အာဖဂန်စစ်ဘေးရှောင်တွေကို ထောက်ခံတဲ့လူတွေက ကလေးပျောက်စာတန်းနဲ့အတူ ဆိုဟေးလ်ရဲ့ပုံလေးကိုအသုံးပြုပြီး လှည့်လည်မေးမြန်းစုံစမ်းပေးနေကြပါတယ်။

 

ဒီလိုကိစ္စတွေ ကြုံတွေ့ဖူးတဲ့ အမေရိကန်အစိုးရအရာရှိတစ်ဦးက အမေရိကန်စစ်စခန်းတွေနဲ့ နိုင်ငံရပ်ခြားနေရာတွေအပါအဝင် အဖွဲ့အစည်းအားလုံးကို အသိပေးစောင့်ကြည့်ခိုင်းထားပါတယ်လို့ ဆိုပါတယ်။

 

ကလေးကိုနောက်ဆုံးတွေ့လိုက်ရတဲ့အချိန်က ကာဘူးလ်လေဆိပ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း အမေရိကန်စစ်သားတစ်ဦးဆီ လက်လွှဲပေးခဲ့တဲ့အချိန်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

 

နိုင်ငံတော်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ထားပြီး ကလေးကိုရှာတွေ့နိုင်မယ့် နေရာပေါင်းစုံကို ရှာဖွေစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

 

ကလေးအမေဖြစ်သူ Suraya က "ကျွန်မကလေးအကြောင်းပဲ ခေါင်းထဲမှာရှိတယ်။ ကျွန်မမိဘတွေ ညီမတွေကလည်း ဖုန်းဆက်ပြီး စိတ်မပူဖို့နဲ့ ကလေးကိုရှာတွေ့မှာပါဆိုပြီး ဖြေသိမ့်ပေးပါတယ်"လို့ ပြောသွားပါတယ်။

Source: Reuters