ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့သားဖြစ်သူ နှင့် ကမ္ဘောဒီးယား တော်ဝင်စစ်တပ်ရဲ့ ဒုတိယ ဦးစီးချုပ်ဖြစ်သူ  ဒေါက်တာဟွန်မန်နက်ကို ကမ္ဘောဒီးယားဘုရင်မင်းမြတ်က ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ကြောင်း တော်ဝင်အမိန့် ယနေ့ ဩဂုတ်(၇)ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်လို့ ခမာတိုင်းမ်သတင်းစာ သတင်းအရသိရပါတယ်။

ဒေါက်တာဟွမ်မန်နက်ဟာ  ဝန်ကြီးများကောင်စီကို ဖွဲ့စည်းပေးရမှာဖြစ်ပါတယ်။

သူ့အနေနှင့် အစိုးရအဖွဲ့ဖွဲ့စည်းပေးနိုင်ဖို့  ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်ရဲ့ အယုံအကြည်ရှိကြောင်း မဲပေးထောက်ခံမှုရယူရမှာဖြစ်ပါတယ်လို့ တော်ဝင်အမိန့်မှာဖော်ပြထားပါတယ်။

ဒေါက်တာဟွန်မန်နက်ဟာ ကမ္လောဒီးယားတော်ဝင်စစ်တပ်ရဲ့ ဒုတိယဦးစီးချုပ်နှင့် တော်ဝင်ကြည်းတပ်ရဲ့ဦးစီးချုပ် အဖြစ်ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချူပ်ကြီး ဖြစ်ပါတယ်။ သူဟာ ကမ္ဘောဒီးယားပြည်သူ့ပါတီရဲ့ ထောက်ခံမှုကိုရရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်ရွေးကောက်ပွဲမှာ ပါတီဟာ တောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပါတယ်၊ သူ့ကို ၂၀၂၁ ဒီဇင်ဘာမှာ ပါတီက ဝန်ကြီးချုပ် လောင်းအဖြစ် ရွေးချယ်ခဲ့ပါတယ်။

သူ့ကို ၁၉၇၇ခုနှစ် အောက်တိုဘာ ၂၀ ရက်မှာ ကမ်ပေါင်းချမ်းပြည်နယ်(ယခု သဘောင်ခမမ်ပြည်နယ်) ၊ မမ်မတ်ခရိုင်၊ သမာရွာမှာ  ကမ္ဘောဒီးယားကို ခမာနီတွေအုပ်စိုးစဉ်ကာလမှာ မွေးဖွားခဲ့ပါတယ်။သူဟာ ပစ်ချ်ချန်မိုနီနှင့်လက်ထပ်ပြီး သမီးနှစ်ယောက်၊သားတစ်ယောက်ရှိပါတယ်။

Source: Khmer Times