#WorldHealth

Published - 6 November 2021

ဥရောပနိုင်ငံတွေမှာ ကိုဗစ်ရောဂါကူးစက်မှုအခြေအနေဟာ အတော်စိုးရိမ်စရာဖြစ်လာပြီး နောက်နှစ်အစောပိုင်းအရောက်မှာ နောက်ထပ်လူဦးရေ သန်းတဝက်ခန့်သေဆုံးမှုဖြစ်ပေါ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က နိုဝင်ဘာ ၄ ရက်နေ့က သတိပေးလိုက်ပါတယ်။

WHO ရဲ့ ဥရောပဒေသနိုင်ငံတွေဖြစ်တဲ့ အာရှအလယ်ပိုင်းမှ နိုင်ငံတွေနဲ့ ဥရောပ ၅၃ နိုင်ငံတို့မှာ ရောဂါကူးစက်မှုပေါင်း ၇၈ သန်းရှိနေပြီး အရှေ့တောင်အာရှ၊ မြေထဲပင်လယ်အရှေ့ပိုင်းဒေသ၊ အနောက်ပစိဖိတ်ဒေသနဲ့ အာဖရိကနိုင်ငံတွေ အားလုံးပေါင်းထားတာထက် ပိုများနေကြောင်း WHO က ဆိုပါတယ်။

"ကျွန်တော်တို့တွေ စိုးရိမ်စရာအနေအထားကို နောက်တခါပြန်ရောက်လာဦးမှာပါ"လို့ WHO ရဲ့ ဥရောပဒါရိုက်တာ Hans Kluge က မီဒီယာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားပါတယ်။

"ဥရောပနိုင်ငံ ၅၃ နိုင်ငံက လက်ရှိရောဂါကူးစက်မှုနှုန်းက ကြောက်စရာကောင်းနေပြီ"လို့ ဒေါက်တာ Kluge က မှတ်ချက်ပြုလိုက်ပါတယ်။

"ဖေဖော်ဝါရီလအရောက်မှာ ကိုဗစ်ရောဂါကြောင့် နောက်ထပ်သေဆုံးသူ သန်းတဝက်ခန့်ရှိနိုင်ပါတယ်။ အသက်အရွယ်မျိုးစုံမှာ ဖြစ်နိုင်ပါတယ်။ ဒီလိုကူးစက်မှုတွေမြင့်တက်လာနိုင်တဲ့အကြောင်းက ကာကွယ်ဆေးအလုံအလောက် မရရှိတာကြောင့်အပြင် လူနေမှုပုံစံတွေ ပေါ့လျော့လာတာတွေကြောင့် ဖြစ်ပါတယ်"လို့ဒေါက်တာ Kluge က ဖြည့်စွက်ပြောကြားထားပါတယ်။

ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးတဲ့နိုင်ငံတွေမှာ ဆေးရုံတက်ကုသရမှုနှုန်း မြင့်တက်နေတယ်လို့လည်း ဆိုပါတယ်။

ဗိုင်းရပ်စ်ပိုးတိုက်ထုတ်ဖို့အတွက် ရောဂါပိုးစစ်ဆေးခြင်း၊ နောက်ကြောင်းလိုက်စစ်ဆေးခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်းနဲ့ နှာခေါင်းစည်းတပ်ဆင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

"ကျွန်တော်တို့တွေ ချဉ်းကပ်ပုံကိုပြောင်းလဲဖို့လိုလာပြီး ကိုဗစ်ရောဂါတွေ မဖြစ်ပေါ်စေရန် အရင်ဆုံးအနေနဲ့ ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်အောင် ဦးစားပေးဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်"လို့ ဒေါက်တာ Kluge က ဆိုပါတယ်။

ဥရောပမှာ နေ့စဉ်ကိုဗစ်ရောဂါကူးစက်မှုဟာ ၆ ပတ်ဆက်တိုက် မြင့်တက်လျက်ရှိပြီး ၇ ပတ်ဆက်တိုက် နေ့စဉ်သေဆုံးသူအရေအတွက်လည်း မြင့်တက်နေပါတယ်။

တရားဝင်ဖော်ပြချက်အရ နေ့စဉ်ကူးစက်မှုပေါင်း ၂၅၀၀၀၀ ရှိပြီး သေဆုံးသူ ၃၆၀၀ ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၇ ရက်အတွင်း ရုရှားမှာ သေဆုံးသူ ၈၁၆၂ ဦးဖြင့် အများဆုံးဖြစ်နေပြီး သူ့အနောက်မှာ ယူကရိန်းက ၃၈၁၉ ဦးနဲ့ ရိုမေးနီးယားက ၃၁၀၀ ဦးသေဆုံးထားကြောင်း အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
Source: Strait Times