#WorldNews

Published-  6 November 2021

ဂျပန်အစိုးရက လာမယ့်တနင်္လာနေ့ကစပြီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျောင်းသူကျောင်းသားများကို ပြန်လည်ဝင်ခွင့်ပြုတော့မှာဖြစ်ကြောင်း သောကြာနေ့က ကြေညာသွားပါတယ်။

နိုင်ငံရပ်ခြားမှ ခရီးသွားဧည့်သည်တွေအပေါ် ကန့်သတ်ထိန်းချုပ်ချက်တွေကတော့ အရင်တိုင်းဆက်ရှိနေဦးမှာဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေ ကျောင်းသူကျောင်းသားတွေနဲ့ နည်းပညာအသင်တွေအပေါ် ဝင်ခွင့်ပိတ်ပင်ထားမှုကို ဂျပန်နိုင်ငံက ဖယ်ရှားသွားမှာဖြစ်ပါတယ်။

ကာကွယ်ဆေးအပြည့်ထိုးထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အနည်းဆုံး ၃ ရက်တော့ မဖြစ်မနေသီးခြားခွဲခွာ နေထိုင်ရဦးမှာဖြစ်ပါတယ်။ဂျပန်နိုင်ငံကိုလာရောက်မယ့် ခရီးသည်တွေ ၃၇၀၀၀၀ အထိရှိနေပြီး နိုင်ငံဝင်ခွင့်ဗီဇာလည်း ရရှိထားပြီးပြီဖြစ်ပါတယ်။

ဒါပေမဲ့လည်း နိုင်ငံအတွင်းဝင်ရောက်ဖို့ကတော့ ပိတ်ပင်ခံထားရပါတယ်။အဲဒီအထဲမှာမှ ကျောင်းသားကျောင်းသူတွေက ၁၅၀၀၀၀ ခန့်ရှိပြီး နည်းပညာအသင်တွေက ၁၁၀၀၀၀ ခန့်ရှိနေပါတယ်။
ဝင်ခွင့်ပိတ်ပင်မှုတွေကို ဖယ်ရှားပြီးတဲ့အခါ ထိုခရီးသည်များကို တဖြည်းဖြည်းချင်း ဝင်ခွင့်ပေးသွားမှာဖြစ်ပါတယ်။

အစိုးရအဖွဲ့က နိုင်ငံရဲ့စံချိန်သတ်မှတ်တွေအတိုင်း အကောင်အထည်ပေါ်လာအောင် စီးပွားရေးလုပ်ငန်းရှင်အများအပြား ဝင်ရောက်လာဖို့ မျှော်မှန်းထားပါတယ်။အခုလက်ရှိမှာ ကာကွယ်ဆေးထိုးပြီးသားသူတွေတောင် ဂျပန်ကိုဝင်ရောက်လာပါက ၁၀ ရက်သီးခြားနေထိုင်နေရပါတယ်။

စီးပွားရေးလုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ မျှော်မှန်းပြီး အဲဒီကာလအပိုင်းအခြားကို ၃ ရက်အထိ လျှော့ချလိုက်တာဖြစ်ပါတယ်။ဇန်နဝါရီလတုန်းက ကိုဗစ်ရောဂါပိုးမျိုးကွဲဗီဇတွေ ပေါ်ပေါက်လာတာကြောင့် ဂျပန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ကို ပိုမိုတင်းကျပ်စွာကန့်သတ်ထားခဲ့ပါတယ်။

အခုအခါ ကန့်သတ်ချက်တွေဖြေလျှော့သွားမှာဖြစ်ပေမယ့် နိုင်ငံခြားဧည့်သည်တွေကို ဖြစ်သလိုနေထိုင်ခွင့် ပေးထားမှာမဟုတ်ပါဘူး။အစိုးရက သူတို့ချမှတ်ထားတဲ့ စံချိန်စံညွှန်းသတ်မှတ်ချက်တွေ ဘယ်လောက်အထိ ထိရောက်မှုရှိသလဲဆိုတာကို စောင့်ကြည့်သုံးသပ်သွားမှာဖြစ်ပြီး ရောဂါပျံ့ပွားမှုအခြေအနေကို စောင့်ကြည့်ရင်း စည်းကမ်းဖြေလျှော့မှုတွေကို ထပ်မံတိုးချဲ့ဖို ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

အစိုးရဝန်ကြီးအဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ Seiji Kihara က "မျိုးဗီဇကွဲအသစ်ပေါ်လာတဲ့အခါ အခြေအနေတွေဆိုးလာတဲ့အခါမျိုးတွေမှာ လျင်မြန်ထိရောက်စွာ ဆုံးဖြတ်ချက်ချ လုပ်ဆောင်သွားမှာပါ။ ကန့်သတ်ချက်ဖြေလျှော့ဖို့ကိုလည်း အပြုသဘောဆောင်ပြီးစဉ်းစားသွားမှာဖြစ်ပါတယ်"လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
Source: Nikkei Asia