#WorldHealth

Published - 6  November 2021

ကိုဗစ်ကပ်ရောဂါကြောင့် တွေ့ကြုံနေရတဲ့ပြဿနာတွေထဲမှာ ရောဂါကူးစက်ခံရသူတွေဟာ ရောဂါလက္ခဏာအများအပြား ခံစားရတတ်ပြီး နောက်ဆက်တွဲရောဂါဆိုးကျိုးများ ဖြစ်လာနိုင်တာတွေ ပါဝင်နေပါတယ်။

တခြားရောဂါလက္ခဏာတွေအပြင် တချို့ကိုဗစ်ရောဂါလူနာတွေမှာ ပြင်းထန်စွာသွေးကြောထိခိုက်မှုတွေ ဖြစ်ပေါ်ရတဲ့အကြောင်းအရင်းကြောင့် ဆရာဝန်တွေဆေးပညာရှင်တွေအတွက် နားလည်ဖို့ခက်ခဲနေခဲ့ပါတယ်။

အခုအချိန်မှာတော့ Tel Aviv တက္ကသိုလ်မှ သုတေသီအဖွဲ့က သွေးကြောတွေကို ထိခိုက်စေတဲ့ဗိုင်းရပ်စ်ကို ဖြစ်ပေါ်စေတဲ့ ပရိုတိန်း ၂၉ ခုထဲက ၅ ခုကို ဖော်ထုတ်သိရှိခဲ့ပြီဖြစ်ပါတယ်။

"ကိုဗစ်ရောဂါလူနာတွေမှာ နှလုံးဖောက်ခြင်း ဦးနှောက်သွေးကြောပြတ်ခြင်းစတဲ့ သွေးကြောဆိုင်ရာရောဂါတွေနဲ့ သွေးခဲခြင်းများ အဖြစ်များတာကို တွေ့ရပါတယ်" လို့ လေ့လာစမ်းသပ်မှုကိုဦးဆောင်တဲ့ ဒေါက်တာ Ben Maoz က ဆိုပါတယ်။

"အစက ကိုဗစ်ရောဂါကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအနေနဲ့ပဲ စဉ်းစားဆောင်ရွက်နေခဲ့ကြပါတယ်။ ဒါပေမဲ့တကယ်တမ်းက ကိုဗစ်ရောဂါလူနာတွေမှာ ဦးနှောက်သွေးကြောပြတ်ခြင်းနဲ့ နှလုံးသွေးကြောပိတ်ခြင်းတို့ဟာ ၃ ဆအထိ ပိုပြီးအဖြစ်များပါတယ်။ ဗိုင်းရပ်စ်ပိုးက သွေးကြောတွေနဲ့ သွေးကြောနံရံကဆဲလ်တွေကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ကြောင်း အချက်အလက်တွေအားလုံးမှာ တွေ့ရပါတယ်။

ဗိုင်းရပ်စ်ကိုဖြစ်ပေါ်စေတဲ့ ဘယ်ပရိုတိန်းက သွေးကြောတွေထိခိုက်စေလဲဆိုတာကို ကျွန်တော်တို့သိချင်နေခဲ့တာပါ"လို့ ပြောသွားပါတယ်။

ကျွမ်းကျင်ပညာရှင်ပေါင်းစုံတို့က လေ့လာစမ်းသပ်ချက်တွေ ပြုလုပ်ခဲ့ပြီး ဗိုင်းရပ်စ်ရဲ့ပရိုတိန်းတွေနဲ့ လူ့သွေးကြောဆဲလ်တွေကို ဓာတ်ခွဲခန်းမှာ အမျိုးမျိုးစမ်းသပ်ခဲ့ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲဝင်ရောက်တဲ့အခါ ပရိုတိန်း ၂၉ မျိုးထုတ်လုပ်ပါတယ်။
အဲဒီအခါမှာ ဗိုင်းရပ်စ်အသစ်တစ်ခု ဖြစ်ပေါ်လာပြီး ဗိုင်းရပ်စ်အသစ်ကနေ နောက်ထပ်ပရိုတိန်း ၂၉ မျိုးထုတ်လုပ်ပြီး အဲဒီလိုဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

အဲဒီအခါ သွေးကြောတွေက အနည်းငယ်ထူပိတ်ပြီးရှိနေရာကနေ အဝတ်စတစ်ခုလို ပါးလွှာလာပြီး သွေးခဲခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဗိုင်းရပ်စ်ကထုတ်လုပ်တဲ့ ပရိုတိန်း ၂၉ စလုံးရဲ့ အကျိုးသက်ရောက်မှုတွေကို သုတေသီတွေက စစ်ဆေးနိုင်ခဲ့ပြီဖြစ်ပြီး သွေးကြောတွေကို အကြီးအကျယ်ဒုက္ခပေးနေတဲ့ ပရိုတိန်း ၅ မျိုးကို သိရှိထားပြီဖြစ်ကြောင်း Maoz က ပြောပါတယ်။

သွေးကြောထိခိုက်မှုကို ဖြစ်စေတဲ့အကြောင်းအရင်းကိုသိရမှ ကုသဖြေရှင်းဖို့နည်းလမ်း ဖော်ထုတ်နိုင်မှာဖြစ်တယ်လို့ မျှော်လင့်ထားကြတာဖြစ်ပါတယ်။

"ကျွန်တော်တို့ လေ့လာချက်တွေက ဗိုင်းရပ်စ်ကိုဟန့်တားဖို့ ဒါမှမဟုတ် အနည်းဆုံးသွေးကြောထိခိုက်မှုကို လျှော့ချနိုင်ဖို့အတွက် ဆေးဝါးဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ထားကြပါတယ်"လို့ ဆိုပါတယ်။
Source: The Jerusalem Post