ထိုင်းကိုပြန်လာဖို့ စီစဉ်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာဟာ မထင်မှတ်ဘဲ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မွေးနေ့ပွဲကို နှမဖြစ်သူ ယင်လတ်ရှင်နာဝါထရာနှင့်အတူ ဩဂုတ် ၅ ရက် သွားရောက်ခဲ့ပါတယ်။ ဟွန်ဆန်ရဲ့ ၇၂နှစ်မြောက်မွေးနေ့ပွဲကို တက်ရောက်လာတဲ့ သက်ဆင်ရဲ့ ပုံတွေကို ဖနွမ်းပင်ပို့စ် သတင်းစာမှာဖော်ပြထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ တက်မောင်းမြို့က ဟွန်ဆန့်နေအိမ်မှာကျင်းပခဲ့တဲ့ အဆိုပါမွေးနေ့ပွဲကို မကြာမီကမ္ဘောဒီးယားဝန်ကြီးချုပ်ဖြစ်လာမယ့် သားဖြစ်သူ ဟွန်မန်နက်နှင့် အခြားမိသားစုဝင်တွေပါတက်ရောက်ကြပါတယ်။

သက်ဆင်ဟာ နှမဖြစ်သူ ယင်လတ်နှင့်အတူ သူ့အိမ်မှာ တစ်ညတာ တည်းခိုသွားခဲ့တယ်လို့ ဟွန်ဆန်က ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ ဖရက်ရှ်နယူးစ်ကို ပြောပါတယ်။ ဩဂုတ် ၆ရက် တနင်္ဂနွေနေ့မှာ ကမ္ဘောဒီးယားက မထွက်ခွာခင် သူတို့ အတူတကွ မနက်စာ သုံးဆောင်ခဲ့ကြတယ်လို့လည်း ဟွန်ဆန်ကပြောပါတယ်။

၁၉၉၂ခုနှစ်ကစပြီး ဟွန်ဆန်နှင့်သက်ဆင်တို့ဟာ ဘုရားပေးတဲ့ညီအစ်ကိုတွေအဖြစ် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေး အလွန်နီးကပ် ရင်းနှီး ခင်မင်ခဲ့ကြပါတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။  ထိုင်းမှာစစ်တပ်က အာဏာသိမ်းပြီး သက်ဆင်နှင့် သူ့နှမ မယင်လတ်တို့ ဖြုတ်ချခံခဲ့ရသော်လည်း သူတို့ဟာ နီးကပ်တဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားတာဖြစ်ပါတယ်။

ဟွန်ဆန့်မွေးနေ့ပွဲကို သက်ဆင်နှင့်နှမဖြစ် မမျှော်လင့်ဘဲ တက်ရောက်တာတာဟာ အဲဒီစိတ်ဝင်စားစရာကောင်းလှတဲ့ ဆက်ဆံရေးအတွက် နောက်ထပ် စာမျက်နှာအသစ်တစ်ခုဖြစ်ဖွယ်ရှိတယ်လို့ သတင်းစာကရေးသားပါတယ်။

သက်ဆင်ဟာ ပြည်ပြေးအဖြစ်ကနေ ထိုင်းနိုင်ငံကို ဩဂုတ်လဆန်းပိုင်းပြန်လာမယ်လို့ စီစဉ်ထားပေမယ့် ဝန်ကြီးချုပ် ရွေးချယ်ပွဲ ဆိုင်းငံ့သွားတာကြောင့် ပြန်လာမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီး အစိုးရသစ်ပေါ်တဲ့အထိ စောင့်မယ် လို့ ပြောကြားထားပါတယ်။

Source: Agencies