ထိုင်းစစ်တပ်ဟာ ထိုင်းနိုင်ငံကို ကာကွယ်ပေးဖို့ ဆက်လက်ဦးဆောင်နေမှာဖြစ်ကြောင်း  ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ဩဂုတ် ၅ရက်စနေနေ့က ပြောကြားလိုက်ပါတယ်။  နိုင်ငံရေးတင်းမားမှုတွေရှိနေလို့ စစ်တပ်ရဲ့ တည်ငြိမ်မှုနှင့်ပတ်သက်လို့ သတင်းထောက်တွေကမေးမြန်းတဲ့အခါ ထိုင်းဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားခဲ့တာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာရေးသားထားပါတယ်။

မေ ၁၄ ရက်ရွေးကောက်ပွဲအပြီး သုံးလနီးပါးကြာပြီးနောက် အစိုးရဖွဲ့ဖို့ကြိုးစားမှုတွေ တုံ့ဆိုင်းသွားခဲ့တဲ့ အလျောက် ထိုင်းနိုင်ငံဟာ နိုင်ငံရေးတင်းမာမှုတွေနှင့် ရင်ဆိုင်နေကြရပါတယ်။ ဒီမိုကရေစီလိုလားသူတွေနှင့် စစ်တပ်လိုလားသူတွေ အကြား ပဋိပက္ခတွေကြောင့် စစ်တပ်က ဝင်ရောက်စွက်ဖက်တော့မှာကို စိုးရိမ်မှုတွေရှိနေကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အိမ်စောင့်အစိုးရဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချူပ်ကြီးပရာရွတ်ဟာ  သူ့ပါတီနှင့်သူ့မဟာမိတ်တွေ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပြီးနောက် အစိုးရအသစ်ကို အာဏာလွှဲပြောင်းပေးဖို့ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

ထိုင်းစစ်တပ်ရဲ့အနာဂတ်နှင့် နိုင်ငံရေး ဝရုန်းသုန်းကားဖြစ်နေတဲ့အပေါ်မေးမြန်းရာမှာ သူက  နုပျိုတဲ့ စစ်သားတွေ ရှိနေပြီး  တပ်ရဲ့အရေးပါးမှုကို အာမခံတဲ့ ဥပဒေတွေရှိနေသမျှကာလပတ်လုံး  သူ့အနေနှင့် ဘာတစ်ခုကိုမျှစိတ်မပူဘူး လို့ ပြန်ဖြေခဲ့ပါတယ်။ သူဟာ အစိုးရသစ်တာဝန်ယူချိန်အထိ ဝန်ကြီးချုပ်တာဝန်ကို အကောင်းဆုံးထမ်းဆောင်မယ်လို့ သူက ဆက်ပြောပါတယ်။ သူဟာ အာဏာလွှဲပြီးနောက်ပိုင်းမှာ နောက်ကွယ်မှာဆက်ရှိနေဦးမလားလို့မေးတဲ့အခါသူက “ အဲဒီ အထိမစဉ်းစားရသေးဘူး” လို့သူကပြန်ပြောပါတယ်။

ဗိုလ်ချုပ်ကြီးပရာရွတ်ဟာ ချူလာချွမ်ကလောင်စစ်တက္ကသိုလ်ရဲ့ ၁၃၆နှစ်ပြည့်အခမ်းအနားတက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ ပါတယ်။

သူဟာ အဲဒီကျောင်းမှာ အပတ်စဉ် ၂၃ ဆင်းဖြစ်ပြီး ကျောင်းသားဟောင်းတွေဖြစ်တဲ့ အထက်လွှတ်တော်အမတ်တွေနှင့် စကားပြောဆိုနေတာကို အခမ်းအနားမှာတွေ့မြင်ခဲ့ရပါတယ်။ ထိုင်းစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နာရွန်ပန် ဂျစ်ကောတေးကိုလည်း အခမ်းအနားမှာဗိုလ်ချုပ်ကြီး ပရာရွတ်နှင့် နာရီဝက်ကြာစကားပြောဆိုနေတာတွေ့ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်ကသတင်းရေးသားပါတယ်။

စစ်တပ်ရာထူးအပြောင်းအရွှေ့ကိစ္စကို ဝန်ကြီးချုပ်နှင့်ဆွေးနွေးခဲ့တာလားဆိုတဲ့မေးခွန်းကို ဗိုလ်ချုပ်ကြီး နာရွန်ပန်ကဖြေကြားဖို့ငြင်းဆန်ခဲ့ပါတယ်။ တစ်နှစ်တစ်ကြိမ်ပြုလုပ်နေကြဖြစ်တဲ့ စစ်တပ်ရာထူးအပြောင်းအရွှေ့ကိစ္စ ယခုထိ တရားဝင်အစည်းအဝေးထိုင်တာမတွေ့ရသေးပါဘူး။

Ref: Bangkok Post