#WorldHealth

Published 4 November 2021

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေရှိနေပြီး သိပ္ပံပညာရှင်တွေလည်း အဖြေရှာနေဆဲဖြစ်တဲ့ မေးခွန်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်အပြီး ရရှိလာတဲ့ခန္ဓာကိုယ်ခုခံအားနဲ့ ကာကွယ်ဆေးကရတဲ့ခုခံအားကို နှိုင်းယှဉ်ကြတာဖြစ်ပါတယ်။

ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)က စမ်းသပ်သုံးသပ်ချက်တွေကို စဉ်းစားသုံးသပ်တဲ့အခါ ရောဂါကူးစက်မှုကရတဲ့ခုခံအားနဲ့ ကာကွယ်ဆေးကရတဲ့ခုခံအား ၂ မျိုးစလုံးဟာ အနည်းဆုံး ၆ လအထိခံပြီး ကာကွယ်ဆေးကရတဲ့ခုခံအားက ပိုမိုတာရှည်ခံကာ antibody ခုခံအား ပိုကောင်းစေတာကို တွေ့ရှိခဲ့ကြပါတယ်။

သိပ္ပံပညာရှင်တွေက ခုခံအား ၂ မျိုးကိုနှိင်းယှဉ်ရာမှာ ကာကွယ်ဆေးကရတဲ့ခုခံအားက ရောဂါကူးစက်မှုတစ်ခုတည်းကရတဲ့ခုခံအားထက် ကိုဗစ်ကိုကာကွယ်ရာမှာ ပိုမိုအားကောင်းပြီး တာရှည်ခံကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် ရောဂါပြင်းထန်စွာဖြစ်ပွားနိုင်သလို ရောဂါလက္ခဏာ လုံးဝမပေါ်တာလည်း ဖြစ်နိုင်ပါတယ်။
ရောဂါကူးစက်ခံရအပြီးမှာ တစ်ယောက်နဲ့တစ်ယောက် antibody ခုခံအားမတူညီဘဲ အတော်လေးကွာခြားနေကြကြောင်း CDC ကတွေ့ရှိထားပါတယ်။

လူတစ်ယောက်စီမှာ ကိုဗစ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ကာကွယ်မှုပေးနိုင်တဲ့ FDA အသိအမှတ်ပြု စမ်းသပ်စစ်ဆေးမှုမျိုး မရှိသေးဘူးလို့လည်း ဆိုပါတယ်။

ခုခံအားနဲ့ပတ်သက်ပြီး သိထားတာတွေရော မသိတာတွေပါရှိနေပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖူးတဲ့သူတွေအနေနဲ့ ကာကွယ်ဆေးထိုးသင့်တယ်လို့ CDC ကအကြံပြုထားပါတယ်။
အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၄၅ သန်းကျော်ရှိခဲ့ပြီး ၁၀ သန်းကျော်ကတော့ စာရင်းမသိရှိရသေးပါဘူး။

သိပ္ပံပညာရှင်တွေ တွေ့ရှိထားတဲ့ လေ့လာချက်ကို CDC ကဖော်ပြရာမှာ ကိုဗစ်ရောဂါနဲ့ဆင်တူလက္ခဏာပေါ်နေတဲ့ ကာကွယ်ဆေးထိုးပြီးသား ဆေးရုံတက်ရောက်လူနာတွေဟာ အစောပိုင်းကကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကနေ သက်သာလာတဲ့လူနာတွေထက် ရောဂါပိုးတွေ့ရှိမှုနည်းပါးကြောင်း တွေ့ရှိထားပါတယ်။

CDC မှ သိပ္ပံပညာရှင်တွေ အကျဉ်းချုပ်ပြောကြားချက်ရာမှာ ရောဂါကူးစက်ဖူးတဲ့သူတွေဟာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပါက ခုခံအားစနစ်ကို အားကောင်းစေပြီး နောက်တစ်ခါရောဂါကူးစက်နိုင်ခြေ နည်းပါးသွားတယ်လို့ ဆိုပါတယ်။

အမေရိကန်က ကိုဗစ်ကပ်ရောဂါကို အဆုံးသတ်ဖယ်ရှားဖို့အတွက် ကာကွယ်ဆေးထိုးနှံခြင်းကို အထူးအလေးထားဆောင်ရွက်နေပြီး ဗိုင်းရပ်ပိုးရှိနေသူတွေရော ရောဂါဖြစ်ဖူးတဲ့သူတွေကိုပါ ထိုးနှံဖို့ တိုက်တွန်းထားပါတယ်။
Source: The Washington Post