Published 4 Nov 2021

ထိုင်ဝမ်ကို ဥရောပပါလီမန်ရဲ့ ပထမဆုံးကိုယ်စားလှယ်အဖွဲ့ ကြာသပတေးနေ့က ရောက်ရှိကြပြီး သံတမန်ရေးရာအထီးကျန်နေတဲ့ ကျွန်းဟာ ထည်းတီးမဟုတ်တော့ဘဲ  အီးယူနှင့်ထိုင်ဝမ်အကြား ဆက်ဆံရေး အားကောင်းခိုင်ခံ့စေဖို့ ရဲရင့်တဲ့ဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ သူတို့က တောင်းဆိုလိုက်ကြပါတယ်လို့ ရိုက်တာကရေးသားပါတယ်။

သေးငယ်တဲ့ ဗတီကန်စီးတီကလွဲလို့ အခြား ဥရောပနိုင်ငံတွေနှင့် တရားဝင်သံတမန်ဆက်သွယ်ရေးမရှိတဲ့ ထိုင်ဝမ်ဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနှင့် နက်ရှိုက်တဲ့ ဆက်ဆံရေးထားရှိလိုစိတ်ပြင်းပြနေပါတယ်။

တရုတ်က ထိုင်ဝမ်အပေါ် မကြာသေးမီက တရုတ်စစ်လေယာဉ်တွေ ထိုင်ဝမ်အနီးမကြာခဏပျံသန်းပြနေတာတွေအပါ အဝင် စစ်ရေးဖိအားပေးနေတဲ့အချိန်မှာ ဥရောပပါလီမန်ရဲ့ကိုယ်စားလှယ်တွေ ရောက်ရှိလာကြတာဖြစ်ပါတယ်။

“ဒီကိုကျွန်တော်တို့ သိပ်ပြီးရိုးရှင်းပြတ်သားတဲ့ မက်ဆေ့ချ်နှင့်အတူရောက်လာကြတာပါ။ အဲဒါကတော့ ခင်ဗျာတို့ဟာ ထီးတည်းကြီးမဟုတ်ဘူး။ဥရောပဟာ ခင်ဗျားတို့နှင့်အတူရပ်တည်နေတယ်ဆိုတာပါပဲ” လို့ ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်ကို ဥရောပပါလီမန်ရဲ့ ပြင်သစ်ကိုယ်စားလှယ် ရက်ဖဲလ်ဂလပ်စ်မင်းက ပြောတာကို ဖေ့စ်ဘုတ်မှာ တိုက်ရိုက်တင်ပေးခဲ့ပါတယ်။

ကျွန်တော်တို့ရဲခရီးကို အရေးကြီးတဲ့ပထမခြေလှမ်းအဖြစ်မှတ်ယူသင့်ပါတယ်လို့လည်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့  ဂလပ်စ်မင်းက ပြောပါတယ်။

“ ဒါပေမယ့်  ပိုပြီးခိုင်မာတောင့်တင်းတဲ့ အီးယူ-ထိုင်ဝမ် မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ဖို့ အဆင့်မြင့်အရာရှိတွေတွေ့ဆုံဖို့နှင့် အဆင့်မြင့် ခိုင်မာတဲ့ နောက်အဆင့်တွေအတွက်  လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အစီအစဉ်တစ်ခုလိုအပ်ပါတယ်” လို့ သူကဆက်ပြောပါတယ်။

သူတို့ဟာ သုံးရက်ကြာထိုင်ဝမ်မှာရှိနေကြမှာြဖစ်ပြီး သူတို့ရဲ့ ဒီခရီးစဉ်ကို ဥရောပပါလီမန်ရဲ့ ဒီမိုကရက်တစ်လုပ်ငန်းစဉ်များတွင် နိုင်ငံခြားဝင်ရောက်စွက်ဖက်ရေးဆိုင်ရာ ကော်မတီက ကြီးမှူးဆောင်ရွက်ပေးတာဖြစ်ပါတယ်။ သူတို့ဟာ  သတင်းအချက်အလက်မှားတွေကိစ္စနှင့် ဆိုက်ဘာတိုက်ခိုက်မှုကိစ္စတွေကို ထိုင်ဝမ်အရာရှိတွေနှင့် ဆွေးနွေးကြမယ်လို့ သိရပါတယ်။

“ သတင်းအချက်အလက်မှားတွေကို တိုက်ဖျက်ဖို့ ဒီမိုကရက်တစ်မဟာမိတ်တစ်ခု တည်ထောင်နိုင်လိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်” လို့ ကိုယ်စားလှယ်အဖွဲ့ကို ထိုင်ဝမ်သမ္မတကပြောပါတယ်။ ထိုင်ဝမ်နှင့်အီးယူတို့ နယ်ပယ် အားလုံးမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့လည်း ပြောတဲ့အကြောင်း ရိုက်တာကရေးသားပါတယ်။

Source Reuters