#WorldHealth

Published - 2 November 2021

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး မထိုးထားတဲ့ နိုင်ငံရပ်ခြားမှ ကလေးသူငယ်များအနေနဲ့ အမေရိကန်နိုင်ငံကို ဝင်ရောက်လာပါက ကွာရန်တင်းဝင်စရာ မလိုအပ်ဘူးလို့ ကျန်းမာရေးတာဝန်ရှိသူတွေက စနေနေ့မှာ ပြောကြားသွားပါတယ်။

၃၃ နိုင်ငံမှ ခရီးသွားများ လာရောက်လည်ပတ်မှုကို ပိတ်ပင်ထားရာမှ နိုဝင်ဘာ ၈ ရက်နေ့မှာ ထိုပိတ်ပင်ထားမှုကို ပယ်ဖျက်ပေးလိုက်တာနဲ့ ကလေးတွေကို ရက်ရှည်ကွာရန်တင်းဝင်ဖို့ စည်းမျဉ်းတွေသတ်မှတ်ထားရာ နိုင်ငံတကာခရီးသွားဧည့်သည်တွေအနေနဲ့ သူတို့ရဲ့ကလေးတွေ ကွာရန်တင်းဝင်ရမှာ စိုးရိမ်ပူပန်နေရတာကြောင့် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)က စည်းမျဉ်းပြောင်းလဲဖို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း အင်္ဂလန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနိုင်ငံအများအပြား၊ ဘရာဇီးလ်နဲ့ တရုတ်နိုင်ငံတွေမှာ နေထိုင်ခဲ့တဲ့ ခရီးသွားဧည့်သည်တွေကို အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့်ပိတ်ပင်ထားရာမှ ပြန်လည်ဝင်ရောက်ခွင့်ပေးတော့မှာဖြစ်ပါတယ်။

လေကြောင်းလိုင်းကနေလာရောက်မယ့် အမေရိကန်နိုင်ငံသားမဟုတ်သူတွေနဲ့ ခဏတာနေထိုင်သူအများစုကတော့ ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားနဲ့ ထွက်ခွာလာတဲ့အချိန်မှ ၃ ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမရှိကြောင်း စစ်ဆေးချက်အထောက်အထားတွေ ပြနိုင်ဖို့လိုအပ်ပါတယ်။

အသက် ၁၈ နှစ်အောက်လူငယ်တွေကတော့ ကာကွယ်ဆေးအထောက်အထား ပြသစရာမလိုအပ်ပါဘူး။
အခြားနိုင်ငံတွေမှာ အရွယ်ရောက်ပြီးလူငယ်တွေ ကာကွယ်ဆေးထိုးနှံနိုင်ပြီဖြစ်ပေမယ့် ကလေးတွေကတော့ ကာကွယ်ဆေးထိုးနှံခွင့် မရှိသေးပါဘူး။

ရောက်ရှိလာတဲ့ကလေးတွေကို ကွာရန်တင်းဝင်ခိုင်းပါက နိုင်ငံတကာခရီးသွားလုပ်ငန်းတွေ အဆင်မပြေနိုင်တာကြောင့် လေကြောင်းလိုင်းတွေက ကွာရန်တင်းဝင်ခိုင်းတဲ့အစီအစဉ်ကို ပြောင်းလဲပေးဖို့ ဖိအားပေးနေကြတာဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးထားလို့ ကွာရန်တင်းမဝင်ရတဲ့ လူကြီးမိဘတွေနဲ့အတူပါလာတဲ့ အသက် ၁၈ နှစ်အောက်ကလေးတွေကို သီးခြားကွာရန်တင်းဝင်ခိုင်းဖို့က အဆင်မပြေနိုင်တာကြောင့် CDC က ကွာရန်တင်းဝင်စရာမလိုဘူးလို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ရောက်ရှိပြီးလို့ ၃ ရက်မှ ၅ ရက်အတွင်း ရောဂါပိုးစစ်ဆေးပါမယ်လို့ အုပ်ထိန်းသူ မိဘတစ်ဦးဦး ဒါမှမဟုတ် ကလေးကိုယ်တိုင်က သက်သေထူပေးနိုင်ဖို့လိုအပ်ပြီး ရောဂါပိုးတွေ့ရှိတဲ့အခါ ဒါမှမဟုတ် ရောဂါလက္ခဏာပေါ်ပေါက်ပါက သီးခြားကွာရန်တင်းဝင်ရောက်ရမယ်လို့ ကတိသက်သေပြုရမှာဖြစ်ကြောင်း CDC က ဆိုပါတယ်။

အသက် ၁၈ နှစ်အောက်လူငယ်တွေမှာ ကာကွယ်ဆေးထိုးဖို့ CDC ကအကြံပြုထားပါတယ်။
အသက် ၅ နှစ်မှ ၁၁ နှစ်အတွင်းကလေးငယ်တွေမှာ ကာကွယ်ဆေးထိုးနှံခွင့်ကလည်း မကြာခင်အသိအမှတ်ပြုခံရပါက ထိုးနှံခွင့်ရတော့မှာဖြစ်ပါတယ်။
Source: Washington Post