#WorldHealth

Published - 2 November 2021

မျိုးရိုးဗီဇ gene တစ်ခုဟာ ကိုရိုနာဗိုင်းရပ်စ်မျိုးပွားခြင်းမှာ ပါဝင်ကူညီပေးပြီး ငယ်ရွယ်သူတွေနဲ့ ကျန်းမာရေးကောင်းမွန်တဲ့သူတွေမှာ ကိုဗစ်ရောဂါ စိုးရိမ်ရတဲ့အနေအထားထိ ဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။

ပြင်သစ်ကလေ့လာသူတွေက အသက် ၅၀ အောက် ဆေးရုံတင်လူနာ ၇၂ ယောက်ကိုလေ့လာခဲ့ကြပါတယ်။
သူတို့ထဲမှာ ၄၇ ယောက်က အပြင်းအထန်နေမကောင်းဖြစ်နေကြပြီး ရောဂါမပြင်းထန်တဲ့သူ ၂၅ ယောက်ပါဝင်ကာ ပါဝင်ကူညီပေးသူ ၂၂ ယောက်လည်း ပါဝင်ပါတယ်။

ထိုလူနာတွေထဲမှာ နှလုံးရောဂါ ဆီးချိုရောဂါစတဲ့ ရောဂါအခြေအနေဆိုးရွားစေတဲ့ နာတာရှည်ရောဂါအခံရှိသူ တစ်ယောက်မှ မပါဝင်ပါဘူး။

မျိုးရိုးဗီဇဆိုင်ရာ ဆန်းစစ်ချက်တွေအရ ကိုဗစ်ရောဂါပြင်းထန်စွာခံစားရတဲ့ လူနာတွေမှာ gene ၅ မျိုးဟာ သိသိသာသာ ပိုမိုထွက်ရှိနေပြီး အများဆုံးထွက်တဲ့ gene အမျိုးအစားကတော့ ADAM9 လိုခေါ်တဲ့ gene ဖြစ်ပါတယ်။

Science Translational Medicine ဆေးပညာဂျာနယ်က ဖော်ပြချက်အရ ရောဂါပြင်းထန်လူနာ ၈၁ ဦးအပါဝင် ကိုဗစ်လူနာ ၁၅၄ ယောက်ကို ခွဲခြားစစ်ဆေးတဲ့အခါ မျိုးရိုးဗီဇဖြစ်စဉ်ဟာ ပုံစံတူဖြစ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။

အဲဒီနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ အဆုတ်ထဲကဆဲလ်တွေကို ဓာတ်ခွဲခန်းမှာစမ်းသပ်လေ့လာရာမှာ ADAM9 gene ရဲ့ လှုပ်ရှားမှုတွေကို ဟန့်တားလိုက်ပါက ကိုရိုနာဗိုင်းရပ်စ်မျိုးပွားဖို့ ခက်ခဲသွားကြောင်း တွေ့ရှိခဲ့ကြပါတယ်။

နောက်ထပ်လေ့လာသုံးသပ်မှုတွေ ပြုလုပ်ဖို့လိုအပ်နေသေးကာ ADAM9 ကို ဟန့်တားပြီး ကုသလို့ရနိုင်မလားဆိုတာကို အတည်ပြုနိုင်ဖို့ ဆက်လက်လေ့လာသွားရမယ်လို့ ဆိုပါတယ်။