#WorldHealth

Published - 29 October 2021

ကိုဗစ်ကာကွယ်ဆေး ရှားပါးနေတဲ့ နိုင်ငံလေးတွေမှာ ကိုဗစ်ကုသရေးသောက်ဆေးကို ဈေးသက်သာစွာနဲ့ ထုတ်လုပ်ရောင်းချနိုင်ဖို့အတွက် Merck ဆေးဝါးကုမ္ပဏီက ထုတ်လုပ်ခွင့်ချပေးသွားမှာဖြစ်ပါတယ်။

အာဖရိကနိုင်ငံတွေနဲ့ အာရှနိုင်ငံများအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံပေါင်း ၁၀၅ နိုင်ငံက ကုမ္ပဏီတွေအတွက် Molnupiravir ကိုဗစ်ကုသသောက်ဆေး ဖော်စပ်နည်းကိုအသုံးပြုဖို့ ခွင့်ပြုသွားမှာဖြစ်ပါတယ်။

ဆေးစစ်စမ်းသပ်ချက်တွေအရ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကိုဗစ်ရောဂါလူနာတွေမှာ ကူးစက်ခံရပြီးမကြာခင် ဒီသောက်ဆေးကို သောက်သုံးပါက ဆေးရုံတက်ကုသမှုနဲ့ အသက်သေဆုံးမှုနှုန်းကို တဝက်အထိ လျှော့ချနိုင်တယ်လို့ Merck ကုမ္ပဏီက ဒီလမှာ ပြောကြားထားပါတယ်။

ဒီသောက်ဆေးကို အသိအမှတ်မပြုသေးခင်ကတည်းက အမေရိကန်လို နိုင်ငံကြီးတွေက ပမာဏအများအပြားဝယ်ယူဖို့ သဘောတူထားကြတာကြောင့် ဆင်းရဲတဲ့နိုင်ငံငယ်တွေအတွက် ကိုဗစ်ကာကွယ်ဆေး ထိုးဆေးရော သောက်ဆေးပါ ရရှိဖို့ အခက်အခဲတွေဖြစ်လာပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံလေးတွေမှာ ကုသဆေးထုတ်လုပ်သူတွေက ဆေးတစ်စုံကို ၂၀ ဒေါ်လာဖြင့် သတ်မှတ်ရောင်းချဖို့ မျှော်မှန်းထားကြပေမယ့် အမေရိကန်အစိုးရကတော့ ဆေးတစ်စုံကို ၇၁၂ ဒေါ်လာဖြင့် စတင်ဝယ်ယူဖို့ သဘောတူထားတာဖြစ်ပါတယ်။

"Merck ကုမ္ပဏီရဲ့ ထုတ်လုပ်ခွင့်သဘောတူညီချက်က အရမ်းကောင်းပါတယ်။ ကမ္ဘာ့လူဦးရေတဝက်ကျော်လောက်ရှိတဲ့ နိုင်ငံတွေက လူတွေဆီ ကာကွယ်ဆေးရောက်ရှိနိုင်မှာဖြစ်ပါတယ်"လို့ Knowledge Ecology International အဖွဲ့အစည်းမှ ဂျိမ်းစ်လပ်ဗ်က ဆိုပါတယ်။

"ဆေးထုတ်လုပ်ခွင့် ချပေးတာက ပြီးပြည့်စုံနေတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကာကွယ်ဆေးက ဘေးကင်းစိတ်ချရပြီး ထိရောက်မှုရှိတယ်ဆိုရင် အကျိုးရှိတာပါပဲ"လို့ ထပ်မံပြောကြားသွားပါတယ်။

Molnupiravir သောက်ဆေးကိုထုတ်လုပ်ဖို့အတွက် အိန္ဒိယကုမ္ပဏီ ၈ ခုကို ထုတ်လုပ်ခွင့်ချပေးဖို့ သဘောတူထားပေမယ့် ခွင့်ပြုချက်ကိုစောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

နေရာအနှံ့ကို မြန်မြန်ဆန်ဆန်ဖြန့်ဝေနိုင်ဖို့အတွက် WHO အသိအမှတ်ပြု စံချိန်စံညွှန်းတွေအတိုင်း ရရှိအောင် Medicine Patent Pool ကျန်းမာရေးအဖွဲ့နဲ့ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။

ဒီဆေးကို ဝယ်ယူမယ့်သူတွေ ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်အောင်လည်း Merck ကုမ္ပဏီက ကြိုးပမ်းနေပါတယ်။

Medicines Patent Pool ကျန်းမာရေးအဖွဲ့အစည်းမှ ဒါရိုက်တာ Charles Gore က "ဆေးရုံဆေးခန်းလာရောက်စရာမလိုဘဲ ဈေးနှုန်းသက်သာစွာနဲ့ အလွယ်တကူ သောက်သုံးနိုင်မယ့် ကိုဗစ်ကာကွယ်ဆေးရရှိဖို့က တကယ်ကိုအရေးကြီးပါတယ်။ နိုင်ငံငယ်လေးတွေမှာ ဆေးရုံတက်ကုသရမှုတွေ သေဆုံးမှုတွေ လျော့ကျသွားဖို့ မျှော်လင့်လာနိုင်ပါပြီ"လို့ ပြောသွားပါတယ်။

Source: NY Times