#WorldHealth

Published -29 October 2021

ရုရှားကထုတ်တဲ့ Sputnik V ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ ခရီးသွားဧည့်သည်တွေကို နောက်လကစပြီး အစ္စရေးလ်နိုင်ငံထဲ ဝင်ခွင့်ပြုတော့မှာဖြစ်ကြောင်း The Jerusalem Post က အတည်ပြုသွားပါတယ်။

ဝန်ကြီးချုပ် နက်ဖ်တယ်လီဘန်းနက်နဲ့ ရုရှားသမ္မတဗလာဒီမာပူတင်တို့ တွေ့ဆုံပြီး ရက်အနည်းငယ်အကြာမှာပဲ ဒီသတင်းပေါ်ထွက်လာတာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရုံးက အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၊ ဥရောပဆေးဝါးအေဂျင်စီနဲ့ WHO အသိအမှတ်ပြု ကိုဗစ်ကာကွယ်ဆေးထိုးထားသူတွေကိုသာ နိုင်ငံထဲပေးဝင်မယ်လို့ ကြေညာပြီး တစ်ပတ်မတိုင်ခင်မှာပဲ ရုရှားထုတ်ကာကွယ်ဆေးကို အသိအမှတ်ပြုတော့မှာဖြစ်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

Sputnik V ကာကွယ်ဆေးကို ထိုအဖွဲ့အစည်းတစ်ခုကမှ အသိအမှတ်မပြုထားပါဘူး။ ဒီဆုံးဖြတ်ချက်ကို ဘန်းနက်နဲ့ အကြီးပိုင်းကျန်းမာရေးတာဝန်ရှိသူတွေက အင်္ဂါနေ့ညမှာ အစည်းအဝေးလုပ်ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်နေ့မှာ စတင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဝန်ကြီးများအဖွဲ့က ဒီဆုံးဖြတ်ချက်အတည်ပြုဖို့ လိုအပ်သေးသလို တရားဝင်ကြေညာချက်လည်း မထုတ်ပြန်သေးပါဘူး။

ခရီးသွားအားလုံးဟာ အစ္စရေးလ်နိုင်ငံကို မဝင်ရောက်ခင် ၇၂ နာရီအတွင်း PCR test စစ်ဆေးရမှာဖြစ်ပြီး ရောက်ရှိပြီးတဲ့အခါမှာလည်း စစ်ဆေးသွားရမှာဖြစ်ပါတယ်။

ရုရှားက Sputnik V ကာကွယ်ဆေးကို ရုရှားနိုင်ငံမှာပဲ အသုံးပြုဖို့အတွက် ၂၀၂၀ ဩဂုတ်လက ကြေညာထားပါတယ်။

ဒီနှစ်အစမှာ Sputnik V ရဲ့ တတိယအဆင့် စမ်းသပ်ချက်တွေအရ ဒီကာကွယ်ဆေးဟာ ရောဂါကူးစက်မှုကို ၉၂ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်စွမ်းရှိတယ်လို့ ကြေညာခဲ့ပြီး အစ္စရေးလ်မှာ သူတို့ရဲ့ဆေးကို အသိအမှတ်ပြုလက်ခံဖို့ ရုရှားတို့က ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

စက်တင်ဘာလမှာ WHO က Sputnik V ကာကွယ်ဆေး ထုတ်လုပ်ပုံနည်းစနစ်တွေက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းမမီဘူးဆိုပြီး အသိအမှတ်ပြုဖို့ ရပ်ဆိုင်းထားပါတယ်။

ဒီလအစောပိုင်းမှာလည်း WHO က ဒီကာကွယ်ဆေးအချက်အလက်တွေကို ဆန်းစစ်လေ့လာနေတုန်းပဲလို့ ဆိုပါတယ်။

အစ္စရေးလ်နိုင်ငံလိုပဲ အမေရိကန်ကလည်း WHO အသိအမှတ်ပြု ကာကွယ်ဆေးတွေကိုသာ လက်ခံသွားမှာဖြစ်တယ်လို့ ကြေညာခဲ့တာကြောင့် Sputnik V ထိုးထားတဲ့ ခရီးသွားတွေကိုတော့ လက်ခံမှာမဟုတ်တဲ့သဘောဖြစ်ပါတယ်။

ဒါပေမဲ့လည်း သံတမန်ရေးရာအကျိုးအတွက် ရုရှားထုတ်ကိုဗစ်ကာကွယ်ဆေးကို အစ္စရေးလ်ဝန်ကြီးချုပ်က လက်ခံသွားဖို့ရှိတယ်လို့ သုံးသပ်သူတွေက ခန့်မှန်းနေကြပါတယ်။

"ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ ဆွေးနွေးချက်က ကာကွယ်ဆေးထိရောက်မှုတစ်ခုတည်းကိုပဲ ကြည့်သွားမှာမဟုတ်ပါဘူး။ သံတမန်ရေးရာကိစ္စတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အသုံးချသွားမယ်ဆိုတာ မှန်းကြည့်လို့ရပါတယ်"လို့ Bar-Ilan ဆေးဝါးတက္ကသိုလ်မှ ပရော်ဖက်ဆာ Michael Edelstein က ဆိုပါတယ်။

Source: The Jerusalem Post