#WorldPolitics

Published 29 October 2021

၃၈ ကြိမ်မြောက်နဲ့ ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ သက်ဆိုင်ရာအစည်းအဝေးတွေကို အောက်တိုဘာ ၂၈ ရက်နေ့မှာ ဆွေးနွေးနိဂုံးချုပ်ခဲ့ပြီး ကိုဗစ်အလွန်ကာလ ပြန်လည်ထူထောင်ခြင်းနဲ့ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ပံ့ပေးဖို့အကြောင်း ကတိပေးပြောကြားခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်ရဲ့ အာဆီယံဥက္ကဌဖြစ်တဲ့ ဘရူနိုင်းဘုရင် Haji Hassanal Bolkiah က ဒေသတွင်းလက်ရှိအခြေအနေတွေနဲ့ အနာဂတ်ရည်မှန်းချက်တွေကို ဆွေးနွေးရာမှာ အပြုသဘောဆောင်ခဲ့ကြပြီး ပြင်ပနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးတက်ဖို့ နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ကိုဗစ်ရောဂါဖြစ်ပွားမှုမှ ပြန်လည်ထူထောင်နိုင်ဖို့နဲ့ ရောဂါကပ်ဆိုးကို တွန်းလှန်ဖို့အကြောင်း၊ အာဆီယံနိုင်ငံများမှ ပြည်သူတွေ ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ဖို့အကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲအသစ်တွေ ပေါပေါက်လာမှုနဲ့အတူ ကိုဗစ်ရောဂါကပ်ဆိုးကိုဆက်လက်ရင်ဆိုင်ရဖို့ ရှိနေတာကြောင့် အာဆီယံနိုင်ငံတွေရဲ့ စီးပွားရေး လူမှုဘဝတွေကို ကာကွယ်ပေးဖို့အကြောင်းများကို အာဆီယံက ပိုမိုအားစိုက်ကြိုးပမ်းဆောင်ရွက်နေကြောင်း ဘရူနိုင်းဘုရင်က ပြောသွားပါတယ်။
အစည်းအဝေးပွဲမှာ အာဆီယံခေါင်းဆောင်တွေက စီးပွားရေးဈေးကွက် ပြန်လည်ဖွင့်လှစ်ပြီး ရင်းနှီးမြှုပ်နှံမှု ရောင်းဝယ်ဖောက်ကားမှုတွေ ဆက်လက်လည်ပတ်နေစေရန်၊ မရှိမဖြစ်လိုအပ်တဲ့ကုန်ပစ္စည်း ရောင်းဝယ်တင်ပို့မှုတွေ ပုံမှန်လည်ပတ်နေစေရန်နဲ့ ကိုဗစ်ကာလအလွန် စီးပွားရေးအခြေအနေတွေ မူလအတိုင်း လည်ပတ်စေရန် ကတိပြုပြောကြားသွားကြပါတယ်။
ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာ ခရီးသွားလုပ်ငန်းတွေ အကြီးအကျယ်ထိခိုက်နစ်နာခဲ့ရပြီး အာဆီယံဒေသတွင်းက စီးပွားရေး လူမှုဆက်ဆံရေး၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဝင်ငွေရရှိမှုတွေမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတဲ့ ခရီးသွားလုပ်ငန်းကို ပြန်လည်တည်ဆောက်ပြီး စတင်နိုင်ဖို့အတွက် ဒေသတွင်းနဲ့ နိုင်ငံတကာနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အရေးကြီးကြောင်း အာဆီယံခေါင်းဆောင်တွေက ဦးစားပေးပြောကြားသွားပါတယ်။
ကိုဗစ်ကပ်ရောဂါဘေးအန္တရာယ်မှ ထူထောင်တိုးတက်လာဖို့အပြင် ကြုံတွေ့ရမယ့်အခက်အခဲတွေကိုလည်း အတူတကွရင်ဆိုင်သွားကြဖို့ အာဆီယံခေါင်းဆောင်တွေက အတည်ပြုပြောကြားခဲ့ပါတယ်။
"အာဆီယံနိုင်ငံတွေ အဘက်ဘက်မှဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဟာ အမြဲတမ်းလုပ်ဆောင်နေမှာဖြစ်ပြီး အာဆီယံနိုင်ငံတွေကြား လက်တွဲပူးပေါင်းဖို့နဲ့ နောက်လာမယ့်မျိုးဆက်တွေအတွက် ခိုင်မာတဲ့ရည်ရွယ်ချက်တွေကို ထားရှိဖို့ အရေးကြီးပါတယ်"လို့ ဘရူနိုင်းဘုရင်က အစည်းအဝေးပွဲပိတ်သိမ်းရာမှာ ပြောသွားခဲ့ပြီး ဒီအာဆီယံဥက္ကဌနေရာကို နောက်ထပ်ဆက်ခံမယ့်သူက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ဖြစ်ပါတယ်။

၃၈ ကြိမ်မြောက်နဲ့ ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲတွေကို အင်္ဂါနေ့မှ ကြာသပတေးနေ့အထိ ဗီဒီယိုမှတဆင့် ဆွေးနွေးခဲ့ကြပြီး အာဆီယံရဲ့လက်တွဲဖော်နိုင်ငံတွေဖြစ်တဲ့ တရုတ် ဂျပန် တောင်ကိုရီးယား အိန္ဒိယ အမေရိကန် ဩစတြေးလျနဲ့ ရုရှားနိုင်ငံတိုမှ ခေါင်းဆောင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

အာဆီယံအဖွဲ့အစည်းကို ၁၉၆၇ ခုနှစ်မှာတည်ထောင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတွေအဖြစ် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပါတယ်။
Source: Strait Times
#Yangon_Media_Group