#WorldHealth

Published - 28 October 2021

အိန္ဒိယတောင်ပိုင်းက ရွာတစ်ရွာကို ရောက်ရှိခဲ့တာ ၉ လကြာပြီဖြစ်တဲ့ Sugathan PR ဆိုသူဟာ ဆော်ဒီအာရေဗျနိုင်ငံမှာရှိတဲ့ သူ့အလုပ်ဆီကို ပြန်သွားလို့ မရဘဲဖြစ်နေပါတယ်။

ဒါကြောင့် ဆော်ဒီအာရေဗျကို ပြန်သွားနိုင်ဖို့အတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗက်ဆင်း(Covaxin)ကိုဗစ်ကာကွယ်ဆေးကို WHO က အသိအမှတ်ပြုဖို့ မျှော်လင့်နေပါတယ်။

နိုင်ငံအတော်များများမှာ ကိုဗက်ဆင်းကာကွယ်ဆေးကို အသိအမှတ်မပြုတာကြောင့် ကိုဗက်ဆင်းကာကွယ်ဆေးထိုးထားတဲ့ အိန္ဒိယနိုင်ငံသားသန်းပေါင်းများစွာဟာ ခရီးလမ်းသွားလာဖို့ခက်ခဲနေကြောင်း ပြောဆိုနေကြပါတယ်။

"ဒီမှာဆက်ပြီး အချိန်ကုန်နေလို့ မဖြစ်တော့ဘူး"လို့ အသက် ၅၇ နှစ်ရှိသူ Sugathan က ဆိုပါတယ်။

Sugathan ဟာ သူတို့မိသားစုနေထိုင်ရာရွာလေးကို ဇန်နဝါရီလက ပြန်လာတာဖြစ်ပြီး ကပ်ရောဂါပြန့်ပွားမှုကြောင့် လေကြောင်းလိုင်းများရပ်နားရာကနေ အလုပ်နေရာကို ပြန်သွားလို့မရဖြစ်နေပါတယ်။

"ဆော်ဒီကိုသွားပြီး ကွာရန်တင်း ၄ ရက်ဝင်ပြီးရင် ကိုဗီရှီးလ်ကိုဗစ်ကာကွယ်ဆေး ထပ်ထိုးချင်ရင်တော့ ရပါတယ်။ ဒါပေမဲ့ အကျိုးသက်ရောက်မှုက ဘယ်လိုဖြစ်မလဲဆိုတာတော့ မသေချာပါဘူး"လို့ Sugathan ကဆိုပါတယ်။

"ကိုဗက်ဆင်းကို အသိအမှတ်မပြုသေးဘူးဆိုရင် ဆော်ဒီကိုသွားပြီး အဲဒီကအသိအမှတ်ပြုတဲ့ဆေးကို အရဲစွန့်ထိုးရမှာပဲ"လို့ ပြောပါတယ်။

WHO က အင်္ဂါနေ့မှာ ကိုဗက်ဆင်းကာကွယ်ဆေးကို အသိအမှတ်ပြုစဉ်းစားဖို့ မျှော်လင့်ထားပါတယ်။
Bharat Biotech ကထုတ်လုပ်တဲ့ ဒီကာကွယ်ဆေးကို အချက်အလက်စမ်းသပ်မှုတွေအပေါ် မူတည်ပြီး စဉ်းစားသွားမှာဖြစ်ပေမယ့် လိုတိုးပိုလျှော့ ဆုံးဖြတ်သွားမှာတော့ မဟုတ်ဘူးလို့ ပြောထားပါတယ်။

WHO လက်မခံပါက ကိုဗက်ဆင်းကာကွယ်ဆေးကို ကမ္ဘာတဝန်းမှာ အသိအမှတ်ပြုမှာ မဟုတ်ဘဲ ထိုဆေးထိုးထားတဲ့ အိန္ဒိယလူမျိုးတွေအတွက် ခရီးလမ်းသွားလာရေး ခက်ခဲသွားမှာဖြစ်ပါတယ်။

ကူဝိတ်နိုင်ငံမှာ အလုပ်သွားလုပ်တဲ့ အိန္ဒိယလူမျိုးတစ်ဦးဟာလည်း ပြီးခဲ့တဲ့နှစ်က အိန္ဒိယကို ပြန်လာခဲ့ပြီး ကူဝိတ်က ကိုဗက်ဆင်းကာကွယ်ဆေးကို အသိအမှတ်မပြုတာကြောင့် အလုပ်ပြန်သွားလုပ်ဖို့ ခက်ခဲနေပါတယ်။

Source: Aljazeera