#WorldNews

Published - 28 October 2021

လျှပ်စစ်ဓာတ်အားပေးခြင်းနဲ့ မော်တော်ယာဉ်တွေမောင်းနှင်ခြင်းတို့ မှာ အသုံးပြုရတဲ့ လောင်စာဆီတွေ ဈေးတက်လာပြီး ရှားပါးလာတာကြောင့် တရုတ်နိုင်ငံနေရာအများအပြားက လောင်စာဆီအရောင်းဆိုင်တွေဟာ ဒီဇယ်ဆီကို ခွဲတမ်းဖြင့်သာ ရောင်းချပေးနေရပါတယ်။

ဒီဇယ်ဆီရှားပါးလာခြင်းဟာ ကမ္ဘာပေါ်မှာဒုတိယမြောက်စီးပွားရေးအင်အား အတောင့်တင်းဆုံးဖြစ်တဲ့ တရုတ်နိုင်ငံကို အခက်တွေ့စေလာတာဖြစ်ပါတယ်။

တရုတ်မှာ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေ ရှားပါးလာတာကြောင့် လျှပ်စစ်ဓာတ်အားတွေ လျှော့ပေါ့သုံးစွဲနေရတဲ့ အခက်အခဲလည်း ကြုံနေရပါသေးတယ်။

ကုန်တင်ကားတွေအတွက် လောင်စာဆီရှားပါးလာခြင်းက ရောင်းဝယ်ပို့ဆောင်ရေးကဏ္ဍမှာလည်း အတော်ကိုခေါင်းခဲစရာဖြစ်လာစေပါတယ်။

"လောင်စာဆီတွေ ဈေးတက်လာတာကြောင့် ဒီဇယ်ဆီသုံးမော်တော်ယာဉ်တွေမှာ ဆီလုံလောက်မှုမရှိတော့ပါဘူး"လို့ ကုန်တင်ကားရောင်းဝယ်သူတစ်ဦးက ဆိုပါတယ်။

ဒေသတွင်း စက်သုံးဆီအရောင်းဆိုင်တွေမှာ ကုန်တင်ကားတစ်စီးကို ဒီဇယ် ၁၀၀ လီတာအထိသာ ရောင်းချပေးနေပြီး ဒါဟာ ကုန်တင်ကားဆီတိုင်ကီရဲ့ ၁၀ ရာခိုင်နှုန်းပမာဏမျှသာ ဝယ်ယူရရှိနိုင်တာဖြစ်ပါတယ်။

ဒီဇယ်ဝယ်ယူရရှိနိုင်မှုကို ကန့်သတ်ရောင်းချပေးတဲ့ဆိုင် ရှိသလို အချို့ဆိုင်တွေမှာ ဒီဇယ်ဆီထည့်ဖို့အတွက် ယွမ် ၁၀၀ ကနေ ယွမ် ၃၀၀ လောက်အထိ အပိုကျသင့်ငွေကို တိုးမြှင့်ကောက်ခံတာမျိုးလည်း ရှိနေပါတယ်လို့ ကုန်တင်ကားယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။

ဒီဇယ်ဆီဟာ ဒီနှစ်တရုတ်နိုင်ငံမှာ ဈေးတက်ပြီး ရှားပါးနေတဲ့ အရေးကြီးထုတ်ကုန်တစ်ခုဖြစ်နေပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့နောက်ပိုင်းကစပြီး ဒီဇယ်ဈေးနှုန်းဟာ တစ်လီတာကို ၇.၂ ယွမ်ဖြစ်လာကာ ဒီနှစ်အစကထက် ၃၀ ရာခိုင်နှုန်းများလာပါတယ်။

နိုင်ငံအနှံမှာ လျှပ်စစ်ဓာတ်အားလျော့နည်းလာခြင်းနဲ့ လောင်စာဆီထုတ်လုပ်သူတွေက ဓာတုလောင်စာတွေပြောင်းလဲ ထုတ်လုပ်လာတာကြောင့် တရုတ်နိုင်ငံမှာ ဒီဇယ်ဆီရှားပါးလာတာ ဖြစ်နိုင်ပါတယ်။

လျှပ်စစ်ဓာတ်အား မလုံမလောက်ရရှိနေတာကြောင့် ကုမ္ပဏီလုပ်ငန်းတွေမှာ ဒီဇယ်ဆီသုံးမီးအားမြှင့်စက်တွေကို အသုံးပြုနေရတာကြောင့်လည်း ဒီဇယ်ဆီကို ပိုမိုလိုအပ်နေပါတယ်။

တရုတ်ပြည်တွင်းမှာ ဒီဇယ်ဆီရရှိမှုနည်းပါးနေပေမယ့် နိုင်ငံခြားကို ဒီဇယ်ဆီတင်ပို့မှုမှာတော့မြင့်တက်နေဆဲဖြစ်ပါတယ်။

ပစ္စည်းပြတ်လပ်မှု ပိုဆိုးမလာအောင် တရုတ်ပြည်က လောင်စာဆီထုတ်လုပ်သူတွေအနေနဲ့ ဒီဇယ်ဆီကို များများထုတ်လုပ်လျက်ရှိပြီး တင်ပို့ရောင်းချမှုကို လျှော့ချလျက်ရှိပါတယ်။

စက်တင်ဘာလကထက် အောက်တိုဘာလမှာ ဒီဇယ်ဆီထုတ်လုပ်မှုတန်ချိန် ၁ သန်း မြင့်တက်လာခဲ့ပါပြီ။

ဒါပေမဲ့ ဒီဇယ်ဆီရှားပါးတဲ့ပြဿနာကတော့ လတ်တလောမှာ ပြေလည်ဦးမှာမဟုတ်ပါဘူး။

Source: NIKKEI ASIA