#WorldCrime

Published-  28 October 2021

လာအိုရဲတပ်ဖွဲ့က တရားမဝင်ဆေးဝါးများအများအပြားကို ရွှေတြိဂံဒေသမှာ စံချိန်တင်ဖမ်းဆီးရမိခဲ့တယ်လို့ ကြာသပတေးနေ့မှာ ထိုင်းနိုင်ငံလုံခြုံရေးသတင်းတွေအရ သိရှိရပြီး ဒါဟာအာရှမှာ တရားမဝင်ဆေးဝါး အများဆုံးဖမ်းဆီးရရှိမှုဖြစ်တယ်လို့ ကုလသမဂ္ဂကဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်ရှိ ဘိုကီယိုမြောက်ပိုင်းမှာ ဘီယာသေတ္တာတွေသယ်လာတဲ့ ကုန်တင်ကားတစ်စီးကို ရဲတပ်ဖွဲ့ကရပ်ခိုင်းပြီး စစ်ဆေးရာမှာ amphetamine စိတ်ကြွရူးသွပ်ဆေးပြား ၅၅ သန်းကျော်နဲ့ ၁.၅ တန်ချိန်ရှိတဲ့ crystal methamphetamine တို့ကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောသွားပါတယ်။

ကုလသမဂ္ဂ တရားမဝင်ဆေးဝါးကင်းစင်ပပျောက်ရေးအဖွဲ့ရဲ့ အရှေ့တောင်အာရှကိုယ်စားလှယ် ဂျရယ်မီဒူဂလပ်စ်က "ဒါဟာ အရှေ့တောင်အာရှနဲ့ အာရှအရှေ့ပိုင်းသမိုင်းမှာ အကြီးမားဆုံး မူးယစ်ဆေးဝါးဖမ်းဆီးရမှုပဲ"လို့ ဆိုပါတယ်။

တစ်ပတ်အတွင်း ထိုနေရာမှာပဲ ဖမ်းဆီးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သန်း သိမ်းယူခဲ့ပါတယ်။

လာအိုမှ တာဝန်ရှိသူတွေကတော့ ရိုက်တာသတင်းဌာနက မေးမြန်းမှုတွေကို ချက်ချင်းမဖြေကြားသေးပါဘူး။ ရွှေတြိဂံနယ်မြေဟာ မြန်မာနိုင်ငံအရှေ့မြောက်ဘက်က ဒေသတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ လာအိုနိုင်ငံတို့နဲ့ ထိစပ်နေပါတယ်။

ထိုနယ်မြေဟာ တရားမဝင်ဆေးဝါးများ အဓိကထွက်ရှိနေတဲ့ နေရာလည်းဖြစ်ပါတယ်။ amphetamine နဲ့ methamphetamine အမျိုးအစား စိတ်ကြွဆေးတွေကို အများအပြားထုတ်လုပ်ပြီး ဂျပန် နယူးဇီလန်နိုင်ငံတွေအထိ ဈေးကွက်ဖြန့်ဖြူးနေကြတာဖြစ်ပါတယ်။

လာအိုမှာ ဆေးခြောက်အများအပြား ဖမ်းဆီးမိတာဟာ မြန်မာနိုင်ငံကနေ ခိုးဝှက်တင်သွင်းလာတာတွေကြောင့်ဖြစ်ပြီး ဖေဖော်ဝါရီလက မြန်မာပြည်နိုင်ငံရေးမငြိမ်မသက်ဖြစ်မှုကြောင့် နယ်စပ်ဒေသတွေမှာ ထကြွလှုပ်ရှားနေကြတာဖြစ်တယ်လို့ ဒူဂလပ်စ်ကဆိုပါတယ်။

"မြန်မာနိုင်ငံ ရှမ်းပြည်နဲ့ ရွှေတြိဂံနယ်မြေတွေမှာ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးမငြိမ်သက်တာကြောင့် ဒီလိုအကျိုးဆက်တွေဖြစ်လာတာပါ"လို့ ဆက်လက်ပြောကြားသွားပါတယ်။

Source: Reuters