Published 28 October 2021

ထိုင်ဝမ်တွင် အမေရိကန်တပ်သားအနည်းငယ်က ထိုင်ဝမ်စစ်သားများကို လေ့ကျင့်ပေးနေတယ်လို့ ထိုင်ဝမ်သမ္မတ ချိုင်အင်းဝင်က စီအင်န်အင်န်နှင့် အင်တာဗျူးမှာပြောတဲ့အကြောင်း ရိုက်တာက သတင်းရေးသားပါတယ်။ တရုတ်က သူပိုင်တယ်လို့ပြောထားတဲ့ ထိုင်ဝမ်ကျွန်းမှာ အမေရိကန်တပ်တွေရှိနေတယ်ဆိုတာ အတည်ပြုလိုက်တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်များကလည်း ဘေဂျင်းဟာ စစ်ရေနှင့် နိုင်ငံရေးအရ ထိုင်ဝမ်ကိုဖိအားပေးထားတဲ့အတွက် ထိုင်ဝမ်နှင့် တရုတ်တို့အကြား တင်းမာမှုတွေမြင့်တက်နေပါတယ်။

“ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ကာကွယ်ရေးစွမ်းရည်တွေ တိုးမြှင့်ဖို့ ရည်ရွယ်ပြီး အမေရိကန်နှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နေပါတယ်” လို့ ချိုင်က စီအင်န်အင်န်နှင့် ကြာသပတေးနေ့က အင်တာဗျူးမှာပြောထားတာပါ။

အမေရိကန်စစ်သားတွေအရေအတွက် ဘယ်လောက်ရှိသလဲလို့မေးတဲ့အခါ သူမက “ လူတွေထင်ထားသလောက် မများလှပါဘူး” လို့ပဲပြန်ဖြေပါတယ်။

ထိုင်ဝမ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်း တရုတ်ရဲ့စစ်လေယာဉ်တွေ ထပ်ခါတလဲလဲ ပျံသန်းနေတာ အပါအဝင် တရုတ်က ထိုင်ဝမ်အပေါ် စစ်ရေးဖိအားတွေ ပြတ်ပြတ်သားသားတိုးမြှင့်လာတဲ့အလျောက်  ယခုလို အမေရိကန်စစ်သားတွေ ထိုင်ဝမ်မှာရှိနေတယ်ဆိုတဲ့ အတည်ပြုချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

ဒီလိုလေ့ကျင့်ပေးနေတာမျိုးရှိနေတယ်ဆိုတာကို ရိုက်တာအပါအဝင် နိုင်ငံတကာမီဒီယာတွေနှင့် ထိုင်ဝမ်မီဒီယာတွေက ယခင်က သတင်းရေးသားခဲ့ဖူးပါတယ်။ အခုလို တရားဝင်အတည်ပြုထုတ်ဖော်ပြောကြားလိုက်တာကြောင့် အမေရိကန်နှင့် တရုတ်ဆက်ဆံရေးကိုပိုမိုဆိုးရွားစေလာနိုင်ပါတယ်။

ချိုင်ရဲ့မှတ်ချက်ပြုစကားနှင့်ပတ်သက်ပြီး ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူကောင်ချန်းကို သတင်းထောက်တွေက မေးတဲ့ အခါ သူက ထိုင်ဝမ်နှင့်အမေရိကန်စစ်တပ်များအတွင်း အပြန်အလှန်ဆက်သွယ်ဆာင်ရွက်မှုဟာ တော်တော်များတယ်။ မကြာခဏဆိုသလိုလဲဖြစ်တယ်။ပြီးတော့ ဒါတွေလုပ်နေခဲ့တာလည်းကြာပြီလို့ ပြန်ဖြေပါတယ်။

“အပြန်အလှန်ဆောင်ရွက်မှုတွေမှာ ဘယ်ခေါင်းစဉ်ကိုမဆိုဆွေးနွေးနိုင်ကြတာပဲ” လို့လည်း သူကပြောပါတယ်။

ဒါပေမယ့် ချိုင်က အမေရိကန်တပ်တွေဟာ ထိုင်ဝမ်မှာ အခြေစိုက်ထားတာ တပ်စွဲထားတာလို့ ပြောမထားဘူးနော်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။ သူက ဒီလိုလုပ်တာဟာ ထိုင်ဝမ်ကျွန်းကို တရုတ်က တိုက်ခိုက်ဖို့ ရမယ်ရှာစရာဖြစ်သွားလိမ့် မယ်လို့ အမတ်တွေရဲ့မေးခွန်းကိုပါတုန့်ပြန်သွားတာပါ။

၁၉၇၉ခုနှစ်မှာ ဘေဂျင်းအကြိုက် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးဖြတ်တောက်ပြီးနောက် အမေရိကန်တွေက သူတို့ရဲ့ အမြဲတမ်းတပ်တွေကို ထိုင်ဝမ်က ရုပ်သိမ်းခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ထိုင်ဝမ်က ယင်းရဲ့ အက်ဖ်-၁၆ လေယာဉ်မှူးတွေကို အမေရိကန်မှာ သင်တန်းတက်ဖို့ စေလွှတ်ခဲ့ပါတယ်။

အခြားနိုင်ငံအများစုလိုပဲ အမေရိကန်ဟာ ထိုင်ဝမ်နှင့် တရားဝင်ဆက်ဆံရေးမရှိပေမယ့် ထိုင်ဝမ်ဟာ သူတို့အတွက် အရေးအကြီးဆုံး နိုင်ငံတကာမဟာမိတ်နှင့် လက်နက်အဓိကရောင်းချရတဲ့ နိုင်ငံဖြစ်နေပါတယ်။

Source Reuters