#WorldHealth

Published - 27 October 2021


ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအမျိုးမျိုး ရောနှောထိုးဖို့ကို ဒီအပတ် ဒါမှမဟုတ် နိုဝင်ဘာအစောပိုင်းမှာ စတင်စမ်းသပ်သွားမှာဖြစ်ပြီး နိုင်ငံစီးပွားရေးတွေ ပြန်လည်စတင်နိုင်ဖို့အတွက် ကာကွယ်ဆေးအစီအစဉ်ကို ထိထိရောက်ရောက် ဆောင်ရွက်နေတာဖြစ်တယ်လို့ ဝန်ကြီးအဖွဲ့ဝင်တစ်ဦးက တနင်္လာနေ့မှာ ပြောသွားပါတယ်။

တရုတ်နိုင်ငံထုတ် ဆိုင်နိုဗက်ကာကွယ်ဆေးနဲ့ တခြားအမျိုးအစားတံဆိပ် ကာကွယ်ဆေးတွေကို ရောစပ်စမ်းသပ်ဖို့ ကာကွယ်ဆေးမထိုးရသေးတဲ့ လူပေါင်း ၁၅၀၀ ကို ခေါ်ယူနေပါတယ်။

အခြားနိုင်ငံတွေမှာ အမှတ်တံဆိပ်မတူတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ရောနှောထိုးနှံရာမှာ ပိုမိုထိရောက်မှုရှိတယ်လို့ ဖော်ပြနေတာကြောင့် ဖိလစ်ပိုင်မှာလည်း ဘယ်ကာကွယ်ဆေးတွေက ရောနှောထိုးနှံဖို့ အကောင်းဆုံးလဲဆိုတာကို သိရှိဖို့လိုနေတာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှု ၂.၈ သန်းနီးပါး ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၂၀၀၀ နီးပါးရှိကာ အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ ရောဂါကူးစက်မှုနဲ့သေဆုံးမှုနှုန်း ဒုတိယအများဆုံးနိုင်ငံဖြစ်နေပါတယ်။

ကာကွယ်ဆေးထိုးနှံနိုင်တဲ့ ဖိလစ်ပိုင်လူဦးရေ ၃ ပုံ ၁ ပုံ (၂၅.၇ သန်း)ဟာ ကာကွယ်ဆေးအပြည့်ထိုးပြီးပြီ ဖြစ်တယ်လို့ အောက်တိုဘာ ၂၄ ရက်နေ့မှာ အစိုးရကဖော်ပြထားပါတယ်။

ကိုဗစ်ကာကွယ်ဆေး ၉၇.၉ သန်းတင်သွင်းထားရာမှာ တဝက်နီးပါးလောက်က ဆိုင်နိုဗက်ကာကွယ်ဆေးတွေဖြစ်ပါတယ်။

ကပ်ရောဂါမတိုင်ခင်က အာရှမှာ စီးပွားရေးအတိုးတက်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ မနှစ်က ကာလကြာရှည်စွာ လော့ဒေါင်းတွေတင်းတင်းကျပ်ကျပ် ချထားခဲ့တာကြောင့် အလုပ်အကိုင်ပေါင်းသန်းနဲ့ချီပြီး ဆုံးရှုံးခဲ့ရကာ စီးပွားရေးအခြေအနေ ထိခိုက်ခဲ့ရပါတယ်။
Source: CNA