#WorldHealth

Published - 27 October 2021

အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးငယ်တွေအတွက် ကိုဗစ်ကာကွယ်ဆေးတွေကို နိုဝင်ဘာလမတိုင်ခင် ရရှိနိုင်ဖွယ်ရှိတယ်လို့ အမေရိကန်ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် Anthony Fauci က တနင်္ဂနွေနေ့မှာ ဆိုလိုက်ပြီး ဒီနှစ်မကုန်ခင်မှာ ကလေးငယ်အများအပြား ကာကွယ်ဆေးအပြည့်ထိုးပြီးဖို့ မျှော်လင့်နေပါတယ်။

"ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)က အသိအမှတ်ပြုပြီး သက်ဆိုင်ရာမှ ခွင့်ပြုချက်ရပြီဆိုရင် အသက် ၅ နှစ်မှ ၁၁ နှစ်အတွင်းကလေးငယ်တွေကို နိုဝင်ဘာပထမအပတ် ဒါမှမဟုတ် ဒုတိယအပတ်ကစပြီး ကိုဗစ်ကာကွယ်ဆေးတွေထိုးနှံဖို့ အတော်နီးစပ်ပါတယ်"လို့ Fauci က ဒီအပတ် ABC သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။

ဖိုင်ဇာ-ဘိုင်အိုအင်န်တက်ခ်ကလည်း ကလေးတွေမှာ ၂ ကြိမ်ထိုးနှံရမယ့်ကာကွယ်ဆေး အစီအစဉ်ကို ခွင့်ပြုချက်တောင်းခံထားပြီး အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေး(FDA)မှ တာဝန်ရှိသူတွေက ထိုတောင်းဆိုချက်ကို လေ့လာသုံးသပ်နေကြပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့မှာ သက်ဆိုင်ရာပြင်ပမှ အကြံပေးပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာမှ အကြံပေးအရာရှိများက နိုဝင်ဘာ ၂ ရက်နဲ့ ၃ ရက်နေ့မှာပြုလုပ်မယ့် အစည်းအဝေးမှာ အသိအမှတ်ပြုကာကွယ်ဆေးတွေကို အလေးထားစဉ်းစားသွားမှာဖြစ်ပြီး ဒါရိုက်တာဖြစ်သူနဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်ဖို့ ပါဝင်ကူညီသွားမှာဖြစ်ပါတယ်။

"FDA က တွေ့ရှိချက်တွေကို လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာတွေနဲ့ တိုင်ပင်ပြီးတဲ့အခါ အကုန်လုံးအဆင်ပြေပြီဆိုရင် ကျွန်မတို့ မြန်မြန်လေးဆောင်ရွက်သွားမှာဖြစ်တယ်"လို့ CDC မှ ဒါရိုက်တာဖြစ်သူ ရိုချယ်လ်ဝါလန်စကီက ဆိုပါတယ်။

"မိဘတွေက သူတို့ရဲ့ အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြားကလေးတွေကို ကာကွယ်ဆေးထိုးပေးဖို့ ဘယ်လောက်ထိ လိုလားနေသလဲဆိုတာ ကျွန်မတို့သိပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ မြန်မြန်လေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။

ထိုးနှံခွင့်ရပြီဆိုပါက အမေရိကန်မှာရှိတဲ့ ကလေးငယ် ၂၈ သန်းခန့်ဟာ ပထမဆုံးအနေနဲ့ ကာကွယ်ဆေးထိုးခွင့်ရမှာ ဖြစ်ပါတယ်။

ဖိုင်ဇာ-ဘိုင်အိုအင်န်တက်ခ်က အသက် ၁၂ နှစ်နဲ့ ၁၇ နှစ်ကြားတွေမှာ ထိုးဖို့ကာကွယ်ဆေးတွေ အဆင်သင့်ရှိနေပြီဖြစ်ပြီး အသက် ၅ နှစ်အောက်ကလေးတွေအတွက် ကုမ္ပဏီတွေက ကြိုးပမ်းလေ့လာနေဆဲဖြစ်ပါတယ်။

ကလေးတွေကို ကာကွယ်ဆေးမထိုးပေးချင်တဲ့ လူကြီးမိဘတွေလည်း ရှိနေပါတယ်။
စာသင်ကျောင်းတွေမှာ ကလေးတွေ ကာကွယ်ဆေးမဖြစ်မနေထိုးရမလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး "အခုလက်ရှိမှာ ခွင့်ပြုချက်တောင်းဆိုနေတာကြောင့် ဆုံးဖြတ်ချက်မပြုလုပ်သေးခင်မှာ ထိုးနှံခွင့်ရထားဖို့လိုပါတယ်"လို့ ဝါလန်စကီကဆိုပါတယ်။

Source: Reuters