#WorldPolitics

Published 27 October 2021

တရုတ်နိုင်ငံသမ္မတရှီဂျင်ပင်းဟာ ရောမမြို့မှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ အောက်တိုဘာ ၂၆ ရက်နေ့မှာ သတင်းထွက်ပေါ်လာပါတယ်။

ရှီက စနေနေ့နဲ့တနင်္ဂနွေနေ့တွေမှာပြုလုပ်မယ့် အစည်းအဝေးကို လူကိုယ်တိုင်လာရောက်နိုင်ဖို့ မသေချာတာကြောင့် နိုင်ငံခြားရေးဝန်ကြီးကပဲ ကိုယ်စားတက်ရောက်ဖို့ရှိနေပါတယ်။

ရုရှားသမ္မတဗလာဒီမာပူတင်ကလည်း အစည်းအဝေးတက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့အပတ်ကပြောထားပြီး ဂျပန်ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါနဲ့ မက္ကဆီကိုသမ္မတ အန်ဒရီစ်မန်နျူရယ်လိုပက်ဇ်အိုဘရာဒေါ်တိုကလည်း တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ပြောထားကြပါတယ်။

ဒီထိပ်သီးအစည်းအဝေးမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းနဲ့ ကိုဗစ်ရောဂါအကြောင်းတို့ကိုသာ ဦးစားပေးဆွေးနွေးသွားမှာဖြစ်ပြီး ထိုခေါင်းဆောင်များမတက်ရောက်ခြင်းကြောင့် ဆွေးနွေးညှိနှိင်းမှုတွေ အဆင်ပြေဖို့မသေချာနိုင်ဘူးလို့ သတင်းထွက်ပေါ်နေပါတယ်။

အစည်းအဝေးခေါ်ယူခြင်းဟာ ကမ္ဘာကြီးပူနွေးလာမှုကို ၁.၅ ဒီဂရီဆဲလ်စီးယပ်စ်ရောက်အောင် G20 နိုင်ငံခေါင်းဆောင်တွေအနေနဲ့ အရေးတယူ ထိန်းချုပ်လုပ်ဆောင်ဖို့ အသိပေးချင်တဲ့သဘောဖြစ်ပြီး ဒီရာစုနှစ်အလယ်လောက်မှာ ကာဘွန်ထုတ်လွှတ်မှု မရှိသလောက်ဖြစ်နေအောင် ကြိုးပမ်းဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်လို့ ဖော်ပြထားပါတယ်။

ဇူလိုင်လ နေပယ်မြို့မှာပြုလုပ်ခဲ့တဲ့ စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးတွေဆွေးနွေးခဲ့ကြတဲ့ G20 အစည်းအဝေးထက် အခုကျင်းပမယ့် ထိပ်သီးအစည်းအဝေးက ပိုမိုထိရောက်လာမလားဆိုတာကို သေချာစောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အစည်းအဝေးမှာ ဝန်ကြီးတွေအနေနဲ့ သဘာဝလောင်စာတွေနဲ့ ကျောက်မီးသွေးစွမ်းအင် ထုတ်လုပ်မှုတွေကို လျှော့ချအဆုံးသတ်ဖို့အရေး သဘောတူညီချက် မရရှိခဲ့ပါဘူး။

ရာစုနှစ်လယ်လောက်မှာ ဓာတ်ငွေ့ထုတ်လွှတ်မှုမရှိအောင် ဆောင်ရွက်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားမှုတွေမှာ အိန္ဒိယကလည်း ထောက်ခံတဲ့ပုံမပေါ်ဘဲ လူတစ်ဦးချင်းစီရဲ့ အခြေခံလိုအပ်ချက်ကို ထည့်စဉ်းစားဖို့လိုတယ်လို့ အကြံပြုထားပါတယ်။

G20 နိုင်ငံတွေဟာ ကမ္ဘာတဝန်းကာဘွန်ထုတ်လွှတ်မှုရဲ့ ၈၀ ရာခိုင်နှုန်းရှိနေပြီး နောက်အပတ်စကော့တလန်မှာ ရာသီဥတုဖောက်ပြန်မှုအကြောင်း ဆွေးနွေးမယ့် COP26 ထိပ်သီးအစည်းအဝေးမပြုလုပ်မီ ဒီအစည်းအဝေးဟာ အရေးကြီးတဲ့ခြေလှမ်းတစ်ခုလို ဆိုရမှာဖြစ်ပါတယ်။

ရာသီဥတုဖောက်ပြန်မှုတွေမှာ ဆင်းရဲတဲ့နိုင်ငံတွေ သက်သာရာရစေဖို့အတွက် ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ထောက်ပံ့သင့်ကြောင်းကိုလည်း ဦးစားပေးထားပါတယ်။

ဒီအချက်ကို ၂၀၀၉ ခုနှစ်မှာ သဘောတူညီမှုရခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ အကောင်အထည်ပေါ်ဖို့ ရည်မှန်းထားပေမယ့် အခုအချိန်အထိတော့ အကောင်အထည်မပေါ်သေးတာဖြစ်ပါတယ်။

#Yangon_Media_Group