#WorldHealth

Published- 26  October 2021

ကိုဗစ်ရောဂါကူးစက်ခြင်းဟာ လူ့ဦးနှောက်မှာရှိတဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်ကြောင်း ဥရောပကလေ့လာတွေ့ရှိချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရောဂါကူးစက်မှုကြောင့် ရေရှည်မှာဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေဟာလည်း မေးစရာတွေဖြစ်လာပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ အဆုတ်ကိုတိုက်ခိုက်ရုံသာမက ဦးနှောက်ဆဲလ်အချို့ကိုလည်း သတ်ပစ်နိုင်တယ်လို့ ပြင်သစ် စပိန် ဂျာမနီသိပ္ပံပညာရှင်တွေက Nature Neuroscience ဆေးပညာဂျာနယ်မှာ သူတိုရဲ့တွေ့ရှိချက်ကို ဖော်ပြထားပါတယ်။

အဲဒီဆဲလ်တွေကို အင်ဒိုသီလီယယ်ဆဲလ် (Endothelial Cells) လို့ခေါ်ပြီး ဦးနှောက်တဝိုက်နားမှာရှိကြကာ ဦးနှောက်အနောက်ပိုင်းကိုကာပေးထားကြပြီး သွေးစီးဆင်းလည်ပတ်မှုကို အားပေးတာဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေက ကိုဗစ်ရောဂါကြောင့်သေဆုံးခဲ့ရတဲ့ လူနာတွေကို လေ့လာရာမှာ ဗိုင်းရပ်စ်ပိုးဟာ endothelial cell တွေကို ဖျက်ဆီးသွားကြောင်း တွေ့ရှိခဲ့ကြပါတယ်။

သွေးတွေက ဦးနှောက်အစိတ်အပိုင်းတွေထဲဝင်ရောက်ကာ မော်လီကျူးတွေက သွေးစီးဆင်းရာကနေ ပုံမှန်မဟုတ်ဘဲ အပြင်ထွက်ကုန်ကြပါတယ်။

ပြီးတဲ့အခါ endothelial cell တွေလုံးဝပျက်စီးသွားပြီး သွေးကြောမှာ သွေးစီးဆင်းမှုမရှိတော့တဲ့ ghost vessel အခြေအနေဖြစ်သွားပါတယ်။

ဦးနှောက်အစိတ်အပိုင်းအချို့ဟာ အောက်စီဂျင်နဲ့ ဂလူးကို့စ်ပြတ်တောက်မှု တောက်လျှောက်ဖြစ်နေပြီး နောက်ဆုံးမှာ ဆံခြည်မျှင်သွေးကြောလေးတွေ ပေါက်ထွက်သွားတတ်ပါတယ်။

ဒါဟာ ဦးနှောက်ကို သွေးရောက်ရှိမှုနည်းပါးပြီး ရုတ်တရက်သေဆုံးနိုင်တဲ့ ဦးနှောက်သွေးကြောပြတ်ခြင်းလောက်တော့ မပြင်းထန်ပါဘူး။

ဒီတွေ့ရှိမှုဟာ စိုးရိမ်စရာဖြစ်လာပြီး ကိုဗစ်ရောဂါကူးစက်ဖူးသူတိုင်း ဦးနှောက်သွေးကြောတွေကို ထိခိုက်နိုင်သလားဆိုတဲ့ မေးခွန်းတွေထွက်လာနိုင်ပါတယ်။

အဲဒီအတွက်ဆိုရင်တော့ သေဆုံးမှုတွေဟာ အလွန်ဖြစ်ခဲပြီး ဦးနှောက်ကိုထိခိုက်ရင်လည်း ပြန်လည်ကောင်းမွန်နိုင်ပါတယ်။

ကိုဗစ်လက္ခဏာအနည်းငယ်ဖြစ်နေတဲ့ ဓာတ်ခွဲခန်းသုံးအစမ်းသပ်ခံ ကြွက်တွေကိုလေ့လာရာမှာ ဦးနှောက်သွေးကြောထိခိုက်မှုက ပြန်ကောင်းလာတာကြောင့် လူတွေမှာလည်း ပြန်လည်ကောင်းမွန်လာနိုင်တယ်လို့ မျှော်လင့်လို့ရပါတယ်။

ရေရှည်မှာ ဦးနှောက်အတွင်း ဒဏ်ရာဒဏ်ချက်တွေကျန်ရှိပြီး ဦးနှောက်ယိုယွင်းပျက်စီးနိုင်မလားဆိုတာလည်း မေးစရာဖြစ်လာပါတယ်။

အဖြေရှာမရတဲ့ မေးခွန်းတွေအများကြီးဖြစ်နေပြီး သိရဖို့အတွက် အချိန်အတော်ကြာလေ့လာရဦးမှာဖြစ်ပါတယ်။

Source: rfi