#WorldPolitics

Published-  26 October 2021

တရုတ်တို့ရဲ့ မောက်မာမှုလွန်ကဲလာတာကြောင့် အမေရိကန်နဲ့ အခြားနိုင်ငံတွေက စိုးရိမ်မှုတွေရှိနေပေမယ့်လည်း တရုတ်နိုင်ငံက ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေကို အမြဲအလေးထားထောက်ခံသွားမှာဖြစ်တယ်လို့ သမ္မတရှီဂျင်ပင်းက တနင်္လာနေ့မှာ ကတိပြုပြောကြားသွားပါတယ်။

နှစ် ၄၀ ကျော်အတွင်း တရုတ် နဲ့ ထိုင်ဝမ်တို့အကြား စစ်ရေးတင်းမာမှုအခြေအနေ အဆိုးဆုံးဖြစ်နေပြီလို့ ထိုင်ဝမ်ကဒီလအတွင်း ပြောကြားခဲ့အပြီးမှာ တရုတ်တို့က သူတို့သဘောထားကို ထုတ်ဖော်လာတာဖြစ်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ရာနယ်မြေဖြစ်တဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်တို့က စစ်အင်အားသုံးပြီး တရုတ်ပိုင်နယ်မြေအဖြစ် သိမ်းပိုက်လာမှာကိုလည်း စိုးရိမ်နေရကြောင်း ထိုင်ဝမ်ကဆိုပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် ပြန်လည်ဝင်ရောက်ခွင့်ရခဲ့တဲ့ နှစ် ၅၀ ပြည့်အထိမ်းအမှတ်မှာ ရှီက "အမြဲတမ်း ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး နိုင်ငံတကာစည်းမျဉ်းဥပဒေတွေကို ကာကွယ်ထိန်းသိမ်းသွားမယ်"လို့ ပြောကြားသွားပါတယ်။

ဗိုလ်ကျအုပ်ချုပ်ခြင်းတွေ၊ နိုင်ငံရေးကို မတရားသဖြင့် အသုံးချမှုတွေ၊ တဖက်သတ်ဆန်ဆန် အုပ်ချုပ်ခြင်းတွေနဲ့ နိုင်ငံခြားတင်ပို့မှုအပေါ်အခွန်တိုးကောက်ခံခြင်းတွေကို အားသွန်ခွန်စိုက် တိုက်ဖျက်သွားမှာဖြစ်ပြီး ဒေသတွင်းပြိုင်ဆိုင်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ ရာသီဥတုဖောက်ပြန်မှုတွေ၊ ဆိုက်ဘာနည်းပညာလုံခြုံရေးတွေနဲ့ ဇီဝသက်ရှိဘေးကင်းလုံခြုံရေးကိစ္စတွေမှာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အကြံပြုထားပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ နိုင်ငံတကာတိုးတက်ဖွံဖြိုးဖို့ တရားမျှတမှုရှိဖို့ ဒီမိုကရေစီလွတ်လပ်ရေး တည်တံ့ခိုင်မြဲဖို့အတွက် နိုင်ငံအားလုံး ကြိုးပမ်းသင့်ကြောင်း ရှီကတိုက်တွန်းလိုက်ပါတယ်။

ထိုင်ဝမ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မသက်ဆိုင်ကြောင်း၊ ထိုအစိုးရအဖွဲ့က ထိုင်ဝမ်ကျွန်းကို အာဏာသက်ရောက်မှု မရှိနိုင်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ဆိုထားပါတယ်။

တရုတ်အနေနဲ့ ထိုင်ဝမ်နဲ့သာ တင်းမာမှုတွေဖြစ်နေတာမဟုတ်ပါဘူး။

တရုတ်တို့က အိန္ဒိယဘက်က ဟီမာလာယန်နယ်စပ်က နယ်မြေပိုင်ဆိုင်မှုအတွက် အိန္ဒိယနဲ့အငြင်းပွားနေရပြီး တောင်တရုတ်ပင်လယ်က နယ်မြေပိုင်ဆိုင်မှုအတွက်လည်း အချို့အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အငြင်းပွားနေရပါတယ်။

ဒါ့အပြင်အရှေ့တရုတ်ပင်လယ်က ကျွန်းအချို့ပိုင်ဆိုင်မှုမှာလည်း ဂျပန်နဲ့ အတိုက်အခံဖြစ်နေရပါတယ်။

အချို့နိုင်ငံကြီးတွေကပဲ နိုင်ငံတကာစည်းမျဉ်းဥပဒေတွေကို သတ်မှတ်အုပ်ချုပ်နေမယ့်အစား ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံစလုံးက ပါဝင်ဆုံးဖြတ်ခွင့်ရအောင်လုပ်ဖို့ လိုအပ်တယ်လို့ ရှီကပြောလိုက်ပြီး ဒါဟာ အမေရိကန်က လက်ဝါးကြီးအုပ်စိုးနေတာကို မသိမသာဝေဖန်လိုက်တာဖြစ်ပါတယ်။

Source: Reuters