#WorldHealth

Published-  24 October 2021

သန်းပေါင်းများစွာသော အမေရိကန်ရှိနေထိုင်သူတွေအတွက် ကိုဗစ်အားမြှင့်ကာကွယ်ဆေး booster တွေ ထိုးနှံနိုင်ပြီဖြစ်ပြီး အမျိုးအစားတံဆိပ်မတူတဲ့ ကာကွယ်ဆေးကို ထိုးနှံလို့ရကြောင်း ဖက်ဒရယ်ကျန်းမာရေးတာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောသွားပါတယ်။

လွန်ခဲ့တဲ့လအနည်းငယ်က ဖိုင်ဇာကာကွယ်ဆေးထိုးထားသူတွေအပြင် မိုဒါနာနဲ့ Johnson & Johnson ကာကွယ်ဆေးထိုးထားသူတွေလည်း အားမြှင့်ကာကွယ်ဆေး booster ထိုးနှံနိုင်ပြီဖြစ်တယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)က ဆိုပါတယ်။

ဘယ်ကာကွယ်ဆေးအမျိုးအစားကိုပဲ အရင်ထိုးထိုး တံဆိပ်မတူတဲ့ အားမြှင့်ကာကွယ်ဆေးကို ထိုးနှံခွင့်ပြုလိုက်ပါတယ်။

အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးက နိုင်ငံအတွင်း အားမြှင့်ကာကွယ်ဆေး တိုးချဲ့ထိုးနှံဖို့ အစီအစဉ်ကို ဗုဒ္ဓဟူးနေ့က ခွင့်ပြုလိုက်ပြီဖြစ်ပြီး ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာမှ အကြံပေးအဖွဲ့ကလည်း ထောက်ခံလိုက်ပါတယ်။

"ပြီးခဲ့တဲ့ ၂၀ လအတွင်း အများကြီးသင်ယူခဲ့ရပါတယ်။ အဓိကက စာနာထောက်ထားတတ်ဖို့ပေါ့၊ ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ အထောက်အထားတွေ အချက်အလက်တွေကို ဆက်တိုက်လေ့လာနေပါတယ်"လို့ CDC မှဒါရိုက်တာဖြစ်သူ ဒေါက်တာရိုချယ်လ်ဝါလန်စကီက ဆိုပါတယ်။

အားမြှင့်ကာကွယ်ဆေး booster ကို ဘယ်သူတွေထိုးနှံနိုင်တယ် ဘယ်အချိန်မှာ ထိုးနှံနိုင်တယ်ဆိုတဲ့ ကန့်သတ်ချက်တွေရှိပါသေးတယ်။

အသက် ၆၅ နှစ်နဲ့အထက်လူကြီးတွေ နေအိမ်တွေမှာပြုစုရတဲ့ သူနာပြုတွေ ကျန်းမာရေးအခြေအနေတွေကြောင့် ရောဂါပြင်းထန်နိုင်ချေရှိတဲ့သူတွေဟာ ဖိုင်ဇာ ဒါမှမဟုတ် မိုဒါနာကာကွယ်ဆေးထိုးပြီး ၆ လအကြာက စလို့ အားမြှင့်ကာကွယ်ဆေး booster ထိုးရန်လိုအပ်ပါတယ်။

ကျန်းမာရေးအခြေအနေတွေ အလုပ်အကိုင်အခြေအနေတွေ အချို့သောနေထိုင်မှုဘဝတွေကြောင့် ရောဂါကူးစက်နိုင်ချေရှိတဲ့ လူလတ်ပိုင်းတွေမှာ အားမြှင့်ကာကွယ်ဆေးထိုးခွင့်ပေးထားပေမယ့် အားချင်းတိုက်တွန်းထားတာတော့ မဟုတ်ပါဘူး။

အဲဒီလူစာရင်းမှာ ကျန်းမာရေးဝန်ထမ်းတွေ ဆရာ ဆရာမတွေ အကျဉ်းသားတွေ အိမ်ခြေရာမဲ့တွေ ပါဝင်နေပါတယ်။

J&J ကာကွယ်ဆေးအရင်ထိုးထားတဲ့သူတွေကတော့ ၂ လအကြာမှာပဲ အားမြှင့်ကာကွယ်ဆေး booster ထိုးဖို့ အကြံပြုထားပါတယ်။

CDC အကြံပေးအဖွဲ့ကတော့ ဆေးအမျိုးအစားတံဆိပ်မတူတဲ့ အားမြှင့်ကာကွယ်ဆေးကို မဖြစ်မနေထိုးရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။

တံဆိပ်အမျိုးအစားမတူတဲ့ အားမြှင့်ကာကွယ်ဆေးကိုလည်း အသုံးပြုနိုင်တယ်လို့ အကြံပေးထားတာဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးတဲ့သူတစ်ယောက်က ကာကွယ်ဆေးတစ်မျိုးကြောင့် ဘေးထွက်ဆိုးကျိုးခံစားရတယ်ဆိုရင် အခြားကာကွယ်ဆေးတစ်မျိုးပြောင်းထိုးလို့ ရနိုင်တဲ့သဘောဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးနှံနိုင်တဲ့ အမေရိကန်ပြည်နေထိုင်သူ ၃ ပုံ ၂ ပုံဟာ ကာကွယ်ဆေးအပြည့်ထိုးပြီးဖြစ်ပါတယ်။ အစိုးရကတော့ ကာကွယ်ဆေးမထိုးရသေးသူတွေကို အရင်ထိုးပေးဖို့ မှာကြားထားပါတယ်။

Source: AP News