#WorldBusiness

Published - 24 October 2021

တောင်ကိုရီးယားက အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေဟာ အကြွေးတွေပိနေကြပြီး သူတိုကိုယ်သူတို့ Netflix ကထုတ်လုပ်ဖြန့်ချိတဲ့ နာမည်ကျော်ဇာတ်လမ်းတွဲ Squid Game ထဲက ဇာတ်ကောင်တွေရဲ့အခြေအနေတွေနဲ့ အတော်ကိုတူညီနေတယ်လို့ ထင်မှတ်ဖွယ်ဖြစ်နေပါတယ်။

မကြာခင်ပင်စင်ယူရတော့မယ့် အသက် ၅၈ နှစ်အရွယ် ယူဟီဆုခ်ဆိုတဲ့ အမျိုးသမီးကြီးဟာ သူ့ရဲ့အကြွေးတွေကို ဆပ်ပြီးတာကြာခဲ့ပြီဖြစ်ပေမယ့် အကြွေးတောင်းသူတွေက သူ့ရဲ့ဘဏ်အကောင့်ကိုပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ခေါ်ဆိုနေကြတုန်းဖြစ်ပါတယ်။

အကြွေးယူခဲ့စဉ်က အပေါင်ပစ္စည်းတွေကို ယူဟီဆုခ်မသိဘဲ ရောင်းချလိုက်ပြီဖြစ်ပါတယ်။

"ကိုရီးယားမှာ အကြွေးနစ်ပြီဆိုရင် ဘဝကြီးအဆုံးသတ်သွားသလိုပဲ"လို့ ယူဟီဆုခ်ကပြောပါတယ်။

ရုပ်ရှင်မဂ္ဂဇင်းအတွက် စာရေးပေးရတဲ့ အလုပ်လေးတွေကို လုပ်ကိုင်ရင်း အကြွေးကျေဖို့အတွက် ၁၃ နှစ်ကြာခဲ့ပြီး ၂၀၀၂ ခုနှစ်က ဇာတ်ကားတစ်ကား မအောင်မြင်မှုကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။

"အကြွေးတွေ အကျေဆပ်ဖို့ပဲ ဆန္ဒရှိခဲ့တာပါ။ ဒါပေမဲ့ဘဏ်တွေကြောင့် ငွေရှာရတာခက်ခဲပါတယ်"လို့ ဆိုပြီး မပြီးပြတ်နိုင်တဲ့အကြွေးသံသရာထဲလည်နေသလို ခံစားရတယ်လို့ ပြောသွားပါတယ်။

အခြားနိုင်ငံတွေကလူတွေက တောင်ကိုရီးယားက idol အဖွဲ့တွေကို အားပေး၊ ဆမ်ဆောင်းလက်ကိုင်ဖုန်းအကောင်းစားတွေကို သုံးစွဲနေပေမယ့် ဒီဇာတ်လမ်းတွဲကတော့ တစ်ဦးချင်းစီရဲ့ အကြွေးနစ်မြုပ်မှုတွေ၊ တိုးတက်ပြီးနိုင်ငံတွေအကြား ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်မှု အမြင့်ဆုံးဖြစ်နေတာတွေ၊ အကြွေးကင်းလွတ်သူ အလွန်ရှားပါးတဲ့အခြေအနေတွေကို မီးမောင်းထိုးပြနေပါတယ်။

တစ်ဦးတစ်ယောက်လုပ်ငန်းတွေ ဒေဝါလီခံရခြင်းတွေဟာ ပြီးခဲ့တဲ့နှစ်က ၅ နှစ်အတွင်းအမြင့်ဆုံးအဖြစ် ၅၀၃၇၉ အထိရှိခဲ့ပါတယ်။

တစ်မျိုးထက်ပိုတဲ့ အကြွေးတွေကိုဆပ်ဖို့ ကျန်ရှိနေသူပမဏဟာ ၂၀၁၇ ဇွန်လက ၄၈ ရာခိုင်နှုန်းရှိရာကနေ အခု ၅၅.၄၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

အသေးစားစွန့်ဦးလုပ်ကိုင်သူတွေအတွက် လူမှုလုံခြုံရေးစိတ်ချရမှု မရှိခြင်း၊ လုပ်ငန်းကျရှံးမှုအတွက် ပြန်လည်ထူထောင်နိုင်မယ့် အစီအစဉ်မရှိခြင်းတို့က တောင်ကိုရီးယားပြည်သူတွေကို ခက်ခဲတဲ့အခြေအနေဆီ တွန်းပို့သလိုဖြစ်နေပါတယ်။

"အစဉ်အလာတွေအရ စွန့်ဦးလုပ်ကိုင်သူတွေ ကျရှုးတဲ့အခါ လူအများကကဲ့ရဲ့ရှုတ်ချလေ့ရှိပါတယ်။ လူတွေကသူတို့ကို မယုံကြည်တာကြောင့် လုပ်ငန်းစတင်လုပ်ကိုင်ဖို့ ခက်ခဲပါတယ်"လို့ ဆိုးလ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

ကိုယ်ပိုင်ဆိုင်ဖွင့်ပြီး ကိုယ်တိုင်ဝန်ဆောင်မှုပေးတဲ့ အလုပ်တွေမှာ တောင်ကိုရီးယားနိုင်ငံက ထိပ်ဆုံးမှာရှိပြီး ၂၀၁၇ မှာ ဗဟိုဘဏ်ရဲ့လေ့လာချက်အရ ဒီလိုလုပ်ငန်း ၃၈ ရာခိုင်နှုန်းသာ ၃ နှစ်အထိ တောင့်ခံထားနိုင်တယ်လို့ သိရပါတယ်။

"အစိုးရက လုပ်ငန်းဖွင့်လှစ်မှုတွေကို အားပေးပါတယ်။ ဒါပေမဲ့ ကျရှုံးလာတဲ့လုပ်ငန်းတွေကိုတော့ မသိကျိုးကျွန်ပြုနေပါတယ်။ နောက်တစ်ကြိမ်အခွင့်အရေးမရှိမှတော့ Squid Game နဲ့ ဘာထူးလို့လဲ"လို့ အသက် ၄၀ အရွယ် ရူဂွမ်ဟန်ကဆိုပါတယ်။

Source Reuters