#WorldHealth

Published - 24 October 2021

ကိုဗစ်ရောဂါကူးစက်မှုကြောင့် ကမ္ဘာတဝန်းမှာ ကျန်းမာရေးဝန်ထမ်း ရှစ်သောင်းမှ တစ်သိန်းရှစ်သောင်းခန့်အထိ အသက်သေဆုံးနိုင်ကြောင်း၊ ဗိုင်းရပ်စ်ရောဂါပိုး ပျံ့နှံ့နေတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ စိတ်ဖိအားများခြင်း မောပန်းခြင်း ခြေကုန်လက်ပမ်းကျခြင်းများ ဖြစ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က ခန့်မှန်းပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၂၀၂၀ မှ မေလ ၂၀၂၁ အတွင်း ကိုဗစ်ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၃.၄၅ သန်းရှိခဲ့တယ်လို့ အချက်အလက်တွေဖော်ပြထားပြီး "ကျန်းမာရေးဝန်ထမ်းတွေ အသက်ဆုံးရှံးရပါက အစားထိုးလို့မရနိုင်ဘူး"လို့ ဆိုပါတယ်။

ကမ္ဘာတဝန်းမှာ ကျန်းမာရေးဝန်ထမ်း ၁၃၅ သန်းခန့် အလုပ်လုပ်နေကြမယ်လို့ ခန့်မှန်းရပါတယ်။

၂၀၁၉ ခုနှစ်နှောင်းပိုင်း တရုတ်ပြည်ဝူဟန်မြို့မှာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပေါ်လာတဲ့အချိန်ကတည်းက ဆေးရုံဆေးခန်းတွေက ကျန်းမာရေးဝန်ထမ်းတွေဟာ ရှေ့တန်းကနေ ပါဝင်လုပ်ဆောင်နေခဲ့ကြတာဖြစ်ပါတယ်။

ရောဂါပျံ့ပွားလာမှုနဲ့အတူ ကျန်းမာရေးဝန်ထမ်းတွေဟာလည်း စိတ်ပင်ပန်းလူပင်ပန်းဖြစ်ခဲ့ရပါတယ်။

နိုင်ငံအတော်များများမှာ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးပြီး ကာကွယ်ဆေးထိုးပေးနေပါတယ်။
ဒါပေမဲ့ ကမ္ဘာတဝန်းမှာ ကာကွယ်ဆေးတွေကို ညီတူညီမျှ မဖြန့်ဝေနိုင်တာကြောင့် ကျန်းမာရေးဝန်ထမ်း ၅ ယောက်မှာ ၂ ယောက်သာ ကာကွယ်ဆေးထိုးရသေးတာ ဖြစ်တယ်လို့ WHO က ထောက်ပြထားပါတယ်။

"ကျန်းမာရေးဝန်ထမ်းတွေ ဘေးကင်းလုံခြုံစွာ အလုပ်လုပ်ကိုင်နိုင်ဖို့ ဝိုင်းဝန်းကူညီကြရမှာဖြစ်ပါတယ်။ သူတို့ကို ကာကွယ်ဆေးထိုးခွင့်ရအောင် ဆောင်ရွက်ပေးရပါမယ်"လို့ WHO မှ ဒါရိုက်တာဂျင်မ်ကမ့်ဘဲလ်က ဆိုပါတယ်။

၂၀၂၁ စက်တင်ဘာလက နိုင်ငံပေါင်း ၁၁၉ နိုင်ငံရဲ့အချက်အလက်တွေအရ အာဖရိကနဲ့ ပစိဖိတ်အနောက်ပိုင်းဒေသတွေမှာ ကာကွယ်ဆေးအပြည့်ထိုးပြီးတဲ့ ကျန်းမာရေးဝန်ထမ်းအရေအတွက်က ၁၀ ပုံ ၁ ပုံတောင် မရှိကြောင်း တွေ့ရပါတယ်။

ချမ်းသာတဲ့နိုင်ငံ ၂၂ နိုင်ငံမှာတော့ ကာကွယ်ဆေးအပြည့်ထိုးပြီးတဲ့ ဝန်ထမ်း ၈၀ ရာခိုင်နှုန်းကျော်တယ်လို့ ဖော်ပြထားပြီး နိုင်ငံကြီးအချို့ကတော့ ဒီအချက်အလက်ကို မတင်ပြရသေးပါဘူး။

"ကျန်းမာရေးဝန်ထမ်းတွေကြား ရောဂါကူးစက်မှုနဲ့ သေဆုံးမှုနှုန်း တဖြည်းဖြည်းကျဆင်းလာပေမယ့် အားရစရာတော့ မဟုတ်သေးပါဘူး။ ဆေးရုံဆေးခန်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုနေရာတွေမှာ ကူးစက်မှုနှုန်း အနည်းဆုံးဖြစ်အောင် ပိုမိုကြိုးစားရမယ်"လို့ WHO ကဖော်ပြထားပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် သူတိုရဲ့ ကိုဗစ်ရောဂါကူးစက်မှုအခြေအနေတွေ၊ ဖျားနာတာတွေ၊ သေဆုံးမှုတွေကို အားစိုက်လေ့လာဖို့လိုတယ်လို့ နိုင်ငံအစိုးရတွေကို WHO က ညွှန်ကြားထားပါတယ်။

Source: Aljazeera