#WorldHealth

Published - 12 Oct 2021

နိုဝင်ဘာ ၁ ရက်နေ့မှစပြီး ထိုင်းနိုင်ငံသို့ လေကြောင်းလိုင်းမှလာမယ့် အန္တရာယ်နည်းပါးတဲ့နိုင်ငံတွေကလာတဲ့ ကာကွယ်ဆေးအပြည့်အဝထိုးပြီးသား ခရီးသွားတွေအတွက် ကွာရန်တင်းဝင်ရမယ့် စည်းကမ်းကို ပယ်ဖျက်ပေးတော့မှာဖြစ်ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာက တနင်္လာနေ့ အောက်တိုဘာ ၁၁ ရက်နေ့က ကြေညာလိုက်ပါတယ်။

"ကူးစက်ဖြစ်ပွားမှုနှုန်းနည်းတဲ့ နိုင်ငံတွေကို စာရင်းလုပ်ထားမှာဖြစ်ပြီး ထိုနိုင်ငံများမှ လေကြောင်းလိုင်းဖြင့်လာမယ့် ကာကွယ်ဆေးအပြည့်ထိုးပြီးသား ခရီးသွားတွေကို ကွာရန်တင်းဝင်စရာမလိုဘဲ ပြန်လည်ဝင်ခွင့်ပြုတော့မှာဖြစ်တယ်" လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။

ဝန်ကြီးချုပ်ရဲ့ကြေညာချက်အရ ထိုနိုင်ငံစာရင်းမှာ အနည်းဆုံး ၁၀ နိုင်ငံလောက်ပါဝင်မှာဖြစ်ပြီး တရုတ် ဂျာမနီ စင်္ကာပူ အင်္ဂလန်နဲ့ အမေရိကန်နိုင်ငံတို့ ပါဝင်နေပါတယ်။ဒီဇင်ဘာ ၁ ရက်နေ့ကျရင် နောက်ထပ်နိုင်ငံတွေကို စာရင်းထဲထပ်ထည့်သွားမှာဖြစ်ပါတယ်။

"ခရီးသွားတွေ ကိုဗစ်ရောဂါကင်းရှင်းကြောင်း သက်သေပြဖို့အတွက် လက်ရှိနိုင်ငံမှ မထွက်ခွာခင် RT-PCR Test စစ်ဆေးရမှာဖြစ်ပြီး ထိုစစ်ဆေးချက်ရလာဒ်ကို ထိုင်းနိုင်ငံရောက်ရှိတဲ့အခါ ပြသဖို့သာလိုအပ်ပါတယ်။ ထိုင်းနိုင်ငံရောက်တဲ့အခါ နောက်ထပ်ကိုဗစ်ရောဂါစမ်းသပ်မှု ပြုလုပ်မှာဖြစ်ပါတယ်။ ဒီနောက်မှာတော့ ခရီးသွားတွေဟာ နိုင်ငံအနှံလွတ်လွတ်လပ်လပ် သွားလာနိုင်ပြီဖြစ်ပါတယ်" လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။

သတ်မှတ်ထားတဲ့နိုင်ငံစာရင်းမှာ မပါဝင်တဲ့နိုင်ငံများမှ ခရီးသွားတွေကတော့ ကွာရန်တင်းဝင်ရောက်ရဦးမှာဖြစ်ပါတယ်။ဘန်ကောက်မြို့လို ကူးစက်ဖြစ်ပွားမှုနှုန်းမြင့်တဲ့ နေရာမျိုးမှာတော့ စားသောက်ဆိုင်မှာ အရက်သေစာသောက်စားခြင်းကို ဆက်လက်တားမြစ်ထားဦးမှာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့မှာ အရက်သေစာတားမြစ်ခြင်းကို ဖြေလျှော့ဖို့ အစိုးရက စဉ်းစားသုံးသပ်သွားမှာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေ ပြန်လည်လည်ပတ်ဖို့အတွက် ပွဲအစီအစဉ်တွေကို ခွင့်ပြုသွားဖို့လည်း ရှိပါတယ်လို့ ဝန်ကြီးချုပ်က ပြောထားပါတယ်။

"ဒီလိုဆုံးဖြတ်ချက်တွေက စွန့်စားရာရောက်မှန်း သိပါတယ်။ စည်းကမ်းချက်တွေဖြေလျှော့လိုက်တဲ့အခါ ကူးစက်မှုတွေ ပြန်ဖြစ်လာနိုင်တာ သေချာပါတယ်" လို့ ပရာရွတ်က ဆိုပါတယ်။
Source CNA