#WorldNews

Published -12 Oct  2021
ဆယ်ကျော်သက်တွေအနေနဲ့ Facebook နဲ့ သက်ဆိုင်ရာ app များအသုံးပြုခြင်းကြောင့် ထိခိုက်နစ်နာနိုင်တဲ့ အကြောင်းအရာတွေကနေ ဖယ်ခွာနိုင်အောင် Facebook ကုမ္ပဏီက အရေးယူဆောင်ရွက်မှု အစီအစဉ်အသစ်တွေ ထည့်သွင်းမှာဖြစ်တယ်လို့ Facebook နည်းပညာကုမ္ပဏီရဲ့ အမှုဆောင်တစ်ယောက်က တနင်္ဂနွေနေ့မှာ ပြောသွားပါတယ်။

အမေရိကန်ဥပဒေရေးရာအဖွဲ့က Facebook နဲ့ သူ့ရဲ့ app အခွဲလေးတွေဖြစ်တဲ့ အင်စတာဂရမ်လိုမျိုး app တွေဟာ ကလေးတွေရဲ့စိတ်အခြေအနေကို ဘယ်လောက်အထိ သက်ရောက်နေသလဲဆိုတာကို စုံစမ်းစစ်ဆေးနေပါတယ်။Facebook ကုမ္ပဏီဝန်ထမ်းဟောင်းနဲ့ အတွင်းရေးဖွင့်ချသူ ဖရန်စစ်ဟော်ဂန်က ကုမ္ပဏီအနေနဲ့ ဆယ်ကျော်သက်လေးတွေ Facebook app တွေကို အဆက်မပြတ်သုံးချင်နေအောင် ဆွဲဆောင်ထားတယ်လို့ လွှတ်တော်ရုံးရှိရာ တောင်ကုန်းမှာ သက်သေပြုပြောဆိုခဲ့ပါတယ်။

Facebook ရဲ့ ဒုဥက္ကဌနစ်ခ်ကလက်က Facebook မှာပါဝင်တဲ့ သတင်းအချက်အလက်တွေကို လိုသလိုချဲ့ထွင်အသုံးပြုနိုင်တဲ့ အယ်လ်ဂိုရစ်သမ်တွေကို အုပ်ထိန်းသူတွေထိန်းချုပ်နိုင်အောင် ခွင့်ပြုပေးမယ့်အစီအစဉ်တွေကို ဖော်ပြလိုက်ပါတယ်။

အရင်ကနဲ့ ခြားနားသွားတဲ့ ကျွန်တော်တို့ရဲ့အစီအစဉ်အသစ်က ဆယ်ကျော်သက်လေးတွေအတွက် အကျိုးမရှိနိုင်တဲ့ သတင်းအကြောင်းအရာတွေကို သူတိုအနေနဲ့ ထပ်ခါထပ်ခါကြည့်နေပြီဆိုပါက တခြားအကြောင်းအရာတွေဆီရောက်သွားအောင် ပြုလုပ်သွားမယ့်ပုံစံမျိုး ဖြစ်ပါတယ်လို့ ကလက်ခ်က CNN ကိုပြောသွားပါတယ်။
ဆယ်ကျော်သက်တွေ အင်စတာဂရမ်အသုံးပြုနေရင်း ခဏနားဖို့ "take a break " ဆိုတဲ့အစီအစဉ်ကိုလည်း ထည့်သွင်းမှာဖြစ်ကြောင်း ကလက်ခ်ကဆိုပါတယ်။

ငယ်ရွယ်သူတွေအနေနဲ့ အင်စတာဂရမ်အသုံးပြုခြင်းကြောင့် ဘယ်လိုစိတ်ဓာတ်ပျက်ပြားနိုင်ကြောင်းကို Facebook ကုမ္ပဏီကြီးက သိထားတယ်ဆိုတဲ့အတွင်းရေး ပေါက်ကြားလာပြီးနောက် Facebook အနေနဲ့ ငယ်ရွယ်သူတွေကို မထိခိုက်အောင်ကာကွယ်ပေးဖို့ အမေရိကန်လွှတ်တော်အမတ်တွေက ဖိအားပေးခဲ့ပါတယ်။
facebook ကို ကလေးတွေစွဲလမ်းလာပြီး မသင့်လျော်တဲ့ အကြောင်းအရာတွေ တွေ့မြင်နေရတာမျိုးကြောင့် ဒုက္ခများနေရတဲ့ မိဘတွေအတွက်လည်း ကာကွယ်ပေးဖို့လိုအပ်ကြောင်း ကလက်ခ်ကိုအင်တာဗျူးမေးမြန်းအပြီးမှာ ဒီမိုကရက်တစ်ဦးဖြစ်သူ အေမီကလိုဘက်ချာက CNN ကို တနင်္ဂနွေနေ့မှာ ပြောသွားပါတယ်။

ကလေးတွေအတွက်ရည်ရွယ်ပြီး ထုတ်လုပ်မယ့် Instagram Kids အစီအစဉ်ကို facebook က လက်ရှိမှာရပ်ဆိုင်းထားပြီး အုပ်ထိန်းသူတွေအနေနဲ့ ကလေးတွေကို အကြံပေးထိန်းချုပ်နိုင်မယ့် အစီအစဉ်သစ်ကို ထုတ်လုပ်ဖို့ကြိုးစားနေတယ်လို့ ကလက်ခ်ကဆိုပါတယ်။
Source REUTERS