#WorldHealth

Published -12 Oct 2021

ပြီးခဲ့တဲ့နှစ်က ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီး မကြာခင်မှာ ဆယ်ကျော်သက်လေးတွေနဲ့ လူလတ်ပိုင်းဝင်ခါစသူအများစုဟာ ခြေချောင်းလက်ချောင်းတွေမှာ ယားနာဖုလေးတွေ ပေါ်လာတာကြောင့် ဆရာဝန်တွေအဖို့ စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။လက္ခဏာဖြစ်ပွားမှုကို Covid toes လို့ခေါ်လာကြပါတယ်။

ရောဂါကူးစက်ခံရတဲ့အခါတွေ့ရတဲ့ အနံ့အရသာပျောက်သလိုမျိုး ရောဂါလက္ခဏာတစ်ခုဖြစ်ပေမယ့် စစ်ဆေးကြည့်တဲ့အခါမှာတော့ အများစုဟာ ကိုရိုနာဗိုင်းရပ်စ်မရှိကြောင်း ပေါ်ထွက်နေပါတယ်။

ထိုအနာဖုတွေဟာ အသားဖြူသူတွေမှာ အနီရောင် ဒါမှမဟုတ် ခရမ်းရောင် ရှိတတ်ပြီး အသားလတ်သူတွေမှာတော့ ခရမ်းဖျော့ရောင် ဒါမှမဟုတ် အညိုရောင် ရှိတတ်ပါတယ်။

အနာဖုတွေက အလွန်ယားယံပြီး နာကျင်တတ်တာကြောင့် ဖိနပ်စီးလမ်းလျှောက်ဖို့အတွက်တောင် ခက်ခဲလေ့ရှိပါတယ်။ပြင်သစ်က လေ့လာတွေ့ရှိချက်အရ ရောဂါပိုးဗိုင်းရပ်စ်ဝင်ရောက်လာချိန်မှာ ကိုယ်ခံအားစနစ်တုံ့ပြန်မှုက တိုးမြှင့်လုပ်ဆောင်လိုက်တာကြောင့် ဆဲလ်နဲ့တစ်ရှူးတွေ ပျက်စီးသွားကာ အနာဖုလေးတွေပေါ်လာခြင်း ဖြစ်ပါတယ်။

၂၀၂၀ ဧပရယ်လမှာ ပြင်သစ်သုတေသီတွေက ဖောရောင်ပြီး အနာဖုလေးတွေထွက်လာတဲ့ လူနာ ၅၀ ကို အသားစယူပြီး သွေးစစ်ဆေးကြည့်ရာ လူနာတဝက်ကျော်ကျော်က ချောင်းဆိုးခြင်း အသက်ရှူကျပ်ခြင်း အနံ့ပျောက်ခြင်းစတဲ့ ကိုဗစ်ရောဂါလက္ခဏာတွေ တွေ့ရပေမယ့် ရောဂါပိုးရှိမရှိ PCR test ဖြင့် စစ်ဆေးရာမှာတော့ ရောဂါပိုးမရှိကြောင်း တွေ့ရှိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ အနာဖုလေးတွေထွက်ခြင်းဟာ ဆက်စပ်မှုရှိမရှိ ငြင်းခုံနေရဆဲအခြေအနေဖြစ်တယ်လို့ စာတမ်းပြုစုသူတွေက ဖော်ပြထားပေမယ့် ယားနာဖုလေးတွေ အဖြစ်များမှုနဲ့ ၂၀၂၀ အတွင်း ကိုဗစ်ကြောင့်သေဆုံးမှုတွေဟာ SARS-CoV-2 ကူးစက်မှုနဲ့ ဆက်စပ်မှုရှိနေတယ်လို့ ယူဆလိုရပါတယ်။

ပြီးခဲ့တဲ့နှစ်က ဂျာမနီသိပ္ပံပညာရှင်တွေ ဖော်ပြခဲ့တဲ့ သတင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးမတွေ့တဲ့လူတွေမှာ ရောဂါလက္ခဏာပြပြီးချိန်မှာ ကိုယ်ခံအားစနစ်ရဲ့တိုက်ထုတ်မှုကြောင့် ယားနာဖုတွေ ဖြစ်ပေါ်လာကာ ဗိုင်းရပ်စ်ပိုးကို စောစောစီးစီးထိန်းချုပ်နိုင်တာ ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

Covid toes ယားနာဖုတွေ ဖြစ်ပေါ်လာတာဟာ ကောင်းမွန်တဲ့အခြေအနေဖြစ်ပြီး ကိုဗစ်ရောဂါဖြစ်ပွားနိုင်တဲ့ ရာခိုင်နှုန်းအလွန်နည်းသွားပါတယ်၊ ဗိုင်းရပ်စ်ပိုးကို ကာကွယ်တဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်လျက်ရှိကြောင်း ပြသနေတယ်လို့ အရေပြားရောဂါပညာရှင်တွေက ဆိုလိုက်ပါတယ်။

Covid toes ယားနာဖုတွေကို ကုသဖို့ ရောင်ရမ်းခြင်းတွေ သက်သာပျောက်ကင်းစေတဲ့ ဆေးတွေကို အသုံးပြုနိုင်ကြောင်း လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။

Source NY Times