#WorldHealth

Published-  12 Oct  2021

ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသူတွေဟာ လေ့ကျင့်ခန်းလှုပ်ရှားမှုများပြုလုပ်နိုင်ပြီး ပုံမှန်အတိုင်းနေထိုင်သွားနိုင်တယ်လို့ အစ္စရေးကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပေးကော်မတီဝင်များက ပြီးခဲ့တဲ့အပတ်မှာ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

ကာကွယ်ဆေးထိုးထားတဲ့သူတွေရဲ့ လူနည်းစုပမာဏမှာ နှလုံးကြွက်သားရောင်ရမ်းခြင်း ဖြစ်တတ်တာကြောင့် ကာကွယ်ဆေးတကြိမ်ထိုးပြီးတိုင်း တစ်ပတ်အတွင်းကို ပြင်းထန်တဲ့လေ့ကျင့်ခန်းနဲ့ အခြားကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတွေကို ရှောင်ရှားသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အရင်ကဆွေးနွေးခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း ဒါဟာတားဆီးပိတ်ပင်တဲ့သဘော မဟုတ်ပါဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနမှဒါရိုက်တာ ပရော်ဖက်ဆာနာ့ခ်မန်အက်ရှ်က ပြောသွားပါတယ်။

"ကျွန်တော်သိသလောက်ဆိုရင်တော့ ကာကွယ်ဆေးထိုးပြီးလို့ လေ့ကျင့်ခန်းလှုပ်ရှားမှု မလုပ်ရဘူးဆိုတာမျိုး မရှိပါဘူး၊ ပြင်းထန်တဲ့လှုပ်ရှားမှု ပြုလုပ်လို့ နှလုံးရောင်ရမ်းခြင်းဖြစ်စေနိုင်တယ်ဆိုပြီး တချို့လူတွေက ထင်နေကြပါတယ်၊ ဒါပေမဲ့ သိပ္ပံနည်းကျစဉ်းစားကြည့်ရင် မဆိုင်ပါဘူး" လို့ အက်ရှ်က ဆိုပါတယ်။

ကူးစက်ရောဂါဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက "အရွယ်ရောက်ပြီးသူများနဲ့ အသက် ၃၀ အောက်ယောက်ျားလေးတွေဟာ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးပြီး တစ်ပတ်အကြာမှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းတွေကို မပြုလုပ်သင့်ဘူး" လို့ တင်ပြထားပါတယ်။

ကာကွယ်ဆေးထိုးအပြီး နှလုံးရောင်ရမ်းခြင်းဖြစ်ပွားနိုင်မှုက အနည်းဆုံးရာခိုင်နှုန်းမျှသာရှိကြောင်း အစ္စရေးရဲ့လေ့လာတွေ့ရှိချက်တွေကို နယူးအင်္ဂလန်ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

ထိုလေ့လာတွေ့ရှိချက်အရ ဒီလိုနောက်ဆက်တွဲဆိုးကျိုးဖြစ်ပွားမှုတွေက သာမန်အနည်းအကျဉ်းမျှသာဖြစ်ပြီး ငယ်ရွယ်တဲ့ယောက်ျားလေးတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။

Source The Jerusalem Post