Published 23 January 2022

ထိုင်းနိုင်ငံမှာ အာဖရိက ဝက်တုပ်ကွေးကူးစက်မှုတွေပျံ့နှံလာတာကြောင့် ဝက်သားဈေးတွေခုန်တက်လာတဲ့အတွက် နိုင်ငံအတွင်း မိကျောင်းအသားဝယ်လိုအားတွေမြင့်တက်လာနေတယ်လို့ နစ်ကေးအေးရှားက ရေးသားပါတယ်။

ထိုင်းနိုင်ငံမှာ မရှိမဖြစ်စားသုံးကြတဲ့ ဝက်သားပြတ်လတ်မှုဟာ လများစွာကြာညောင်းဦးမယ့်အခြေအနေမှာရှိနေပါတယ်။  စားသောက်ကုန်ဖြန့်ဖြူးနေမှုနှင့် ဈေးနှုန်းတွေမြင့်တက်နေမှုတွေနှင့်ပတ်သက်လို့  အစိုးရဝန်ကြီးဌာနတွေ အလျင်အမြန် ဖြေရှင်းဆောင်ရွက်ကြဖို့ ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာက ပြီးခဲ့တဲ့အပတ်က အမိန့်ပေးခဲ့ပါတယ်။ ဒါဟာ ၂၀၂၃ မတ်လမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမတိုင်ခင် သူ့အတွက် အတော့်ကိုအရေးကြီးနေပါတယ်။

“အစားအသောက်ရောင်းသူတွေနှင့် စားသောက်ဆိုင်တွေက ကျွန်တော့်ဆီလာပြီး မိကျောင်းအသားရောင်းချဖို့ပြောဆို လာကြတယ်” လို့ မိကျောင်းမွေးမြူရေးလုပ်နေတဲ့ အသက်၆၅နှစ်အရွယ် ဝီချိုင်းရွန်တာဝီချိုင်းက ပြောပါတယ်။သူဟာ ဘန်ကောက်ရဲ့ အနောက်ဘက် ၆၀ကီလိုမီတာအကွာ၊ နက်ခွန်းပတ်သွန်ပြည်နယ်မှာ (၃)ဟက်တာ အကျယ်အဝန်းရှိတဲ့ မိချောင်းမွေးမြူရေးစခန်းမှာ မိကျောင်းအကောင် တစ်သောင်းမွေးမြူနေသူဖြစ်ပါတယ်။

လတ်တလောမှာတော့ သူဟာ ဖက်ရှင်စီးပွားရေးလုပ်ငန်းတွေအတွက် မိကျောင်းသားရေကို ရောင်းချနေပါတယ်။ အသေကောင်းတွေကိုတော့ ရောင်းချတာ ဒါမှမဟုတ်  ထူးခြားဆန်းပြားတဲ့အသားတွေစားသုံကြတဲ့ တရုတ်လိုနိုင်ငံတွေ ကိုတင်ပို့နေပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း မိကျောင်းအသားရောင်းရတဟာ ယခင်တစ်ရက်ကို ကီလို၂၀လောက်ရောင်းချ ခဲ့ရာကနေ တစ်ရက်ကို ကီလို၁၀၀အထိ ရောင်းအားတက်လာပါတယ်။ မိကျောင်းတစ်ကောင်ကနေ မိကျောင်းအသား ၅၀ ကီလိုဂရမ်ရနိုင်တယ်လို့ သူကပြောပါတယ်။

သူ့ရဲ့မိကျောင်းမွေးမြူရေးစခန်းကို ဝယ်သူအသစ်တွေ နေ့စဉ်လိုလိုရောက်လာကြပါတယ်။  ဘန်ကောက်က ခေါက်ဆွဲဆိုင်ပိုင်ရှင်တစ်ဦးဟာ ဝက်သားအစား မိကျောင်းသားတွေကို တနင်္လာနေ့က ပထမဆုံးစတင်ဝယ်ယူခဲ့တယ်လို့ သူကပြောပါတယ်။

ထိုင်းနိုင်ငံမှာ မိကျောင်းမွေးမြူရေးလုပ်ငန်းပိုင်ဆိုင်သူ ဒါမှမဟုတ် မိကျောင်းတွေကို ကုန်သွယ်နေသူတွေ ၁၁၅၀ ဦးခန့်ရှိတယ်လို့ ထိုင်းနိုင်ငံအစိုးရ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။တစ်နှစ်တစ်နှစ်ကို သူတို့ဟာ မိကျောင်းအကောင်ရေ ၁.၂သန်းခန့် မွေးမြူကြတယ်လို့ဆိုပါတယ်။ အဲဒီအထဲက ၆၀ရာခိုင်နှုန်းကို အသားအတွက် တရုတ်ကို အဓိကထားတင်ပို့ကြပါတယ်။ အဲဒီတန်ဖိုးဟာ ဘတ်ငွေ(၆)ဘီလျံ(အမေရိကန်ဒေါ်လာ ၁၈၂သန်း)ခန့်ရှိနေပါတယ်။ ကျန်တဲ့ ၄၀ရာခိုင်နှုန်းကိုတော့ သူတို့ဟာ သားရေးထည်လုပ်ငန်းတွေအတွက် သုတ်သင်ပစ်ပါတယ်။ အဲဒီအထဲကမှ အနည်းအကျဉ်းကိုသာ ပြည်တွင်းစားသောက်ဆိုင်တွေက အထူးအဆန်းအသားစားချင်သူတွေအတွက် ရောင်းချပေးပါတယ်။

မိကျောင်းအသား တစ်ကီလိုကို ယခင်ဘတ်ငွေ ၅၀နှင့် ၁၀၀အကြားကနေ ယခုဆို ၈၀ဘတ်နှင့် ၁၉၀ဘတ်အကြားအထိ ဈေးနှုန်းမြင့်တက်လာပါတယ်။ဈေးအကြီးဆုံးအပိုင်းက အမြီးတုံးတွေဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝါးစာလို့ရအောင် နူးညံ့ပြီး အဆီနည်းတာကြောင့်လို့ဆိုပါတယ်။

ဈေးတက်နေတယ်ဆိုပေမယ့် ထိုင်းနိုင်ငံမှာ မိကျောင်းအသားက ဝက်သားထက် ဈေးချိုနေတုန်းပါ။ လတ်တလောမှာ ဝက်သားတစ်ကီလိုကို ဈေးတွေထဲမှာ ၂၅၀ဘတ်ဝန်းကျင်နှင့် ရောင်းချနေကြတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဝက်မွေးမြူရေး အသင်းရဲ့အဆိုအရ ဇန်နဝါရီ၂ရက်နေ့မှာ ဝက်သားဈေးက တစ်ကီလိုကို ၁၀၅ဘတ်ရှိလို့ ယခင်နှစ်ထက် ၃၃ရာခိုင်နှုန်း ဈေးတက်လာတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံမှာ ဇန်နဝါရီ ၁၁ရက်နေ့က ပထမဆုံးဝက်တုပ်ကွေးကူးစက်မှုကို တွေ့ရှိခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက အဲဒီရောဂါဟာ အာဖရိက၊ဥရောပနှင့်အာရှတစ်လွှားကူးစက်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ လူသားတွေအတွက် အန္တရာယ်မရှိပေမယ့် အဲဒီဗိုင်းရပ်စ်ဟာ ဝက်တွေအတွက် သေကြေပျက်စီးမှုမြင့်မားပါတယ်။ အဲဒါကြောင့် တကမ္ဘာလုံးမှာ ဝက်အကောင်ရေသန်းနှင့် ချီပြီး သုတ်သင်ခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၁ နှစ်လယ်ပိုင်းကစပြီး ဝက်သားမလောက်ငမှုတွေကြုံတွေ့နေရပြီး မတ်နှင့်အောက်တိုဘာလအကြားမှာ မွေးမြူရေးဝက်အကောင်ရေ အနည်းဆုံး၁၅၉၀၀၀ သုတ်သင်ပစ်ခဲ့ပါတယ်။

သူနှင့်သူ့ဇနီးတို့ဟာ မိကျောင်းမွေးလာကြတာ နှစ်ပေါင်း၃၀ရှိခဲ့ပြီလို့ ဝီချိုင်းက ပြောပါတယ်။ အစပိုင်းမှာတော့ လုပ်ကိုင်သူနည်းပြီး အပြိုင်အဆိုင်သိပ်မရှိလို့ မြိုးမြိုးမြက်မြက်ရှိခဲ့တဲ့ စီးပွားရေးလုပ်ငန်းလို့ သူတို့ကပြောပါတယ်။ အခုနောက်ပိုင်း မိကျောင်းအသားဝယ်လိုအားမြင့်တက်လာပေမယ့် လုပ်ငန်းချဲ့ထွင်ဖို့ ငွေကြေးနှင့်မြေအရင်းအနှီးကြီးမားလို့ သတိထားစဉ်းစားနေတုန်းပဲ လို့ ဝီချိုင်းကပြောပါတယ်။

“ မိကျောင်းတွေရောင်းချလို့ရဖို့အတွက် သူတို့ကို သုံးလေးနှစ်မွေးထားရတယ်။ ထိုင်းတွေရဲ့ အရသာ အာသီသက ပြောင်းလာမလားဆိုတာ သိပ်မသေချာလို့ လုပ်ငန်းချဲ့ထွင်ဖို့ကိစ္စ စဉ်းစားဖို့လိုတယ်” လို့ သူကပြောပါတယ်။

Source Nikkei Asia