Published 25 January 2022

အထက်ရဲရွာ၊အလယ်ရဲရွာနှင့် ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ နစက  ဥက္ကဋ္ဌက ထုတ်ဖော်ပြောကြားပါတယ်။

မြန်မာနိုင်ငံမှာ အခက်အခဲအမျိုးမျိုးကြောင့် လျှပ်စစ်ဓာတ်အားမလုံလောက်တဲ့အတွက် ပြတ်တောက်နေမှုများ နေ့စဉ်ကြုံတွေ့ နေရချိန်မှာ ယခုပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

ဇန်နဝါရီ၂၄ရက်က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်မှာတည်ရှိတဲ့ ရဲရွာရေအားလျှပ်စစ် စီမံကိန်းကို နစကဥက္ကဋ္ဌ သွားရောက်ကြည့်ရှုစစ်ဆေးတဲ့ ခရီးစဉ်အတွင်း အဲသလိုပြောကြားခဲ့တာလို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အထက်ရဲရွာလျှပ်စစ်စီမံကိန်းဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် တောင်ဘက်(၂၀)မိုင်ခန့်အကွာ ဒုဋ္ဌဝတီမြစ်(မြစ်ငယ်မြစ်)ပေါ်မှာ အကောင်အထည်ဆောင်ရွက်ခဲ့တဲ့ ၂၈၀ မဂ္ဂါဝပ်ထွက်ရှိတဲ့ စီမံကိန်းဖြစ်ပါတယ်။ မြစ်ငယ်မြစ်ပေါ်က နောက်ထပ်စီမံကိန်းနှစ်ခုဖြစ်တဲ့ အလယ်ရဲရွာ စီမံကိန်းက ၇၃၅မဂ္ဂါဝပ်ထွက်ရှိမယ့်စီမံကိန်းဖြစ်ပြီး ဒီးဒုတ်စီမံကိန်းက လျှပ်စစ် ၆၀ မဂ္ဂါဝပ်ထွက်ရှိတဲ့စီမံကိန်းတွေဖြစ်ပါတယ်။အဲဒါကြောင့်စီမံကိန်း(၃)ခုမှာ လျှပ်စစ်ဓာတ်အား စုစုပေါင်း ၁၀၇၅ မဂ္ဂါဝပ်ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းဟာ စီးပွားရေးအရတွက်ခြေကိုက်တဲ့အတွက် လမ်းစဉ်ပါတီအစိုးရနှင့် တပ်မတော်အစိုးရတွေ က အားပေးဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က အဲဒီခရီးစဉ်မှာပြောပါတယ်။ LNG ဓာတ်ငွေ့တွေ သုံးပြီးလျှပ်စစ်ဓာတ်ထုတ်လုပ်ခြင်းက ကုန်ကျစရိတ်ကြီးမားတဲ့အတွက် ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ် အားထုတ်လုပ်ခြင်းတွေကို ဦးစားပေးဆောင်ရွက်ဖို့လိုအပ်နေတာဖြစ်ပါတယ်။

“ ဒီမိုကရေစီအစိုးရလက်ထက်မှာလည်း ရေအားလျှပ်စစ်ထုတ်လုပ်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြပေမယ့် သဘာဝပတ်ဝန်း ကျင်ကို အကြောင်းပြကာ နိုင်ငံရေးအရအသုံးချပြီး အဲဒီစီမံကိန်းတွေကို အခက်အခဲဖြစ်အောင် ဆောင်ရွက်ခဲ့ကြတယ်” လို့ သူကပြောပါတယ်။

ယခုစက်လည်ပတ်နေတဲ့ ရဲရွာလျှပ်စစ်စက်ရုံဟာ တည်ဆောက်မှုကုန်ကျစရိတ်တွေကိုပြန်လည်ရရှိပြီးဖြစ်တယ်လို့လည်း သတင်းမှာထုတ်ပြန်ထားပါတယ်။ ၇၉၀ မဂ္ဂါဝပ်စက်တပ်ဆင်အားရှိတဲ့ ယခုစက်ရုံကို ၂၀၀၁-၂၀၀၂ မှာစတင်တည်ဆောက်ခဲ့ပြီး ၂၀၁၀ခုနှစ် ဒီဇင်ဘာ ၁၅ရက်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ လျှပ်စစ်ဓာတ်အားလိုင်းအချို့နှင့် ဓာတ်အားတာဝါတိုင်တွေဖျက်စီးခံရပြီး LNG ဓာတ်အားပေး စက်ရုံတွေ ရပ်နားထားတဲ့အတွက် မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ၉၇၀မဂ္ဂါဝပ်ခန့်ဆက်လက်လျော့နည်းလျှက်ရှိပြီး နေ့စဉ်လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေကြုံတွေ့နေကြရတာဖြစ်ပါတယ်။