Published 2 January 2022

အရန်နိုင်ငံခြားငွေကြေးအဖြစ် ကမ္ဘာ့နိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေက ရွှေတွေကိုထားရှိလာကြတာ ကမ္ဘာအနှံ့ နှစ်ပေါင်း၃၁နှစ် အတွင်း အများဆုံးဖြစ်လာတယ်လို့ နစ်ကေးအေးရှားက ရေးသားလိုက်ပါတယ်။ တစ်ချိန်တည်းမှာပင် အမေရိကန်ဒေါ်လာကို အရန်နိုင်ငံခြားငွေကြေးအဖြစ်ထားရှိမှုတွေလည်း ကျဆင်းလျက်ရှိနေပါတယ်။

ကမ္ဘာ့ရွှေကောင်စီရဲ့အဆိုအရ ပြီးခဲ့တဲ့ ဆယ်စုနှစအတွင်း ဘဏ်တွေဟာ ရွှေတန်ချိန်ပေါင်း ၄၅၀၀ကျော်ကို အရန်ငွေကြေး အဖြစ် တိုးတက်ထားရှိလာနေကြတယ်လို့ သိရပါတယ်။ စက်တင်ဘာလအထိ စုစုပေါင်း အရန်ရွှေဟာ တန်ချိန်ပေါင်း ၃၆၀၀၀ အထိရှိလာခဲ့ပြီး ဒါဟာ ၁၉၉၀ပြည့်နှစ်ကတည်းကဆိုရင် အကြီးမားဆုံး စုဆောင်းထားရှိမှုဖြစ်ပါတယ်။ ယခင်ဆယ်စုနှစ်နှင့် နှိုင်းယှဉ်ရင် ၁၅ရာခိုင်နှုန်းမြင့်တက်လာခဲ့ပါတယ်။

တစ်ပြိုင်တည်းလိုပါပဲ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အရန်နိုင်ငံခြားငွေကြေးအဖြစ် ဒေါ်လာစုဆောင်းထားရှိမှုတွေကလည်း သိသိသာသာကျဆင်းသွားနေပါတယ်။ ၂၀၂၀ပြည့်နှစ်မှာ ဒေါ်လာရဲ့ ငွေကြေးချင်းအချိုး currency-by-currency ratioဟာ ရာစုနှစ် လေးပုံတစ်ပုံကားလမှာ အနိမ့်ဆုံးအဆင့် ထိုးဆင်းသွားပါတယ်။

နိုင်ငံတွေ အထူးသဖြင့် ထွန်းသစ်စစီးပွားရေးနိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေဟာ ဒေါ်လာအစား ရွှေတွေကို  ဆက်လက်ရွှေ့ ပြောင်းထားနေကြပါတယ်။ ဒါဟာ ဒေါ်လာ အခြေပြုထားငွေကြေးအုပ်ချုပ်မှုပုံစံစနစ်အပေါ် ကမ္ဘာလုံးဆိုင်ရာ စိတ်ပူပန်မှုတွေကြောင့် ဖြစ်တယ်လို့ သုံးသပ်သူတွေကပြောနေကြပါတယ်။  ၂၀၂၁ခုနှစ် ပထမကိုးလမှာ ထိုင်းနိုင်ငံဟာ ရွှေတန်ချိန်၉၀၊ အိန္ဒိယက တန်ချိန် ၇၀နှင့် ဘရာဇီးက တန်ချိန် ၆၀အထိဝယ်ယူခဲ့ကြပါတယ်။

၂၀၀၈ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကြီးနောက်ပိုင်းမှာ ဗဟိုဘဏ်တွေနှင့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေဟာ ရွှေတွေကို အရန်အဖြစ်မြှင့်တင်ထားရှိလာကြတာဖြစ်ပါတယ်။

ဒေါ်လာပိုင်ဆိုင်မှုတွေအပေါ် ယုံကြည်မှုက ဒယိမ်းဒယိုင်ဖြစ်လာနေတယ်လို့ ဈေးကွက်သုံးသပ်သူ အီဆူအိုတိုယိုရှီးမားက နစ်ကေးအေးရှားကိုပြောပါတယ်။

ရွှေဈေးကလည်း ဆက်ပြီးမာနေပြီး ဒီဇင်ဘာ ၃၀ရက်မှာ ရွှေ (၁)ထရွိင်အောင်စဟာ ဒေါ်လာ ၁၈၀၆ အထိ အရောင်းအဝယ်ဖြစ်နေပါတယ်။

Source Nikkei/RT