Published: 1 August 2021
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ဟာ အရှေ့တောင်အာရှနိုင်ငံတွေက အရာရှိတွေနှင့် လာမယ့် တစ်ပတ်လုံးလုံးနေ့စဉ် အွန်လိုင်းကနေ တွေ့ဆုံစည်းဝေးဖို့တွေရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိကြီးတစ်ဦးက ရိုက်တာသတင်းဌာနကို စနေနေ့ကပြောခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့အကျပ်အတည်းကိစ္စကို ပါဆွေးနွေးရင်း အာဆီယံဒေသကြီးကို အမေရိကန်က ဦးစားပေးအဖြစ်ထားရှိတာကို ပြသလို၍ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ လာမယ့်အပတ်မှာ ငါးရက်ဆက်တိုက် အဲဒီအွန်လိုင်းအစည်းအဝေးတွေတက်ရမှာပါ။ အဲဒီအစည်းအဝေးတွေထဲမှာ အာဆီယံ၁၀နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံနှင့်အခြားနိုင်ငံများအစည်းအဝေး၊ သီးခြားအစည်းအဝေးတွေဖြစ်တဲ့ မြန်မာ၊ကမ္ဘာဒီးယား၊လာအို၊ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ပါဝင်တဲ့ မဲခေါင်အောက်ပိုင်းဒေသခွဲနိုင်ငံများအစည်းအဝေးတွေပါဝင်ပါတယ်။
“ ဒီဒေသနှင့်ပတ်သက်ပြီး အမေရိကန်ရဲ့ ကတိကဝတ်ကို ရှင်းလင်းစွာဖော်ကျူးလိုက်တာလို့ ကျွန်တော်ထင်ပါတယ်” လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦးက ရိုက်တာကိုပြောပါတယ်။
ဟိုအရင်နှစ်တွေတုန်းကဆိုရင် အာဆီယံအစည်းအဝေးတွေကို အမေရိကန်အရာရှိတွေ အမြဲတက်လေ့မရှိသလို တစ်ခါတစ်ခါ အရာရှိငယ်တွေပဲစေလွှတ်တာမျိုးရှိခဲ့ပါတယ်။
လာမယ့်အပတ်တွေထဲ ကျင်းပမယ့် အဲဒီအစည်းအဝေးတွေမှာ ဘလင်ကန်ဟာ မြန်မာစစ်အစိုးရရဲ့ ကိုယ်စားလှယ်တွေနှင့် အတူ အွန်လိုင်းတက်ရောက်ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါပေမယ့် အသိအမှတ်ပြုတာမျိုးထက် စစ်အစိုးရဆီကို ပြောလိုတဲ့ သတင်းစကားတွေပြောဖို့ အခွင့်အရေးတစ်ခုအနေနှင့်သာဖြစ်တယ်လို့ အဲဒီအရာရှိကပြောပါတယ်။
“ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံက ဗိုလ်ချုပ်ကြီးအုပ်စုတစ်စုရဲ့ မကောင်းတဲ့အမူအကျင့်တစ်ခုကြောင့်တော့ အာဆီယံကနေ ခွာမသွားပါဘူး” လို့ အရာရှိကပြောပါတယ်။ အမေရိကန်အရာရှိတွေဟာ စစ်အစိုးရကိုဆန့်ကျင်နေတဲ့ NUG နှင့်လည်း ထိတွေ့ ဆက်ဆံမှုတွေ လုပ်နေတာဖြစ်ပါတယ်လို့လည်း သူကဖြည့်စွက်ပြောကြောင်း ရိုက်တာကရေးသားပါတယ်။
Source: Reuters