ဒီကနေ့မနက်ပိုင်းမှာ နစကကခန့်အပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးက ကောင်စီဥက္ကဋ္ဌတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉အရ တာဝန်မှအနားယူခွင့် ပြုလိုက်တာဖြစ်တယ်လို့ နစက က ထုတ်ပြန်လိုက်ပြီး ဆက်တိုက် ကြေညာချက်တွေ ထွက်ပေါ်လာခဲ့တာပါ။

ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနကိုလည်း ပြင်ဆင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာန ၁အတွက် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ ဝန်ကြီးဌာန၂အတွက် ပြန်ကြားရေးဝန်ကြီးဦးချစ်ခိုင်ကို ပြောင်းရွှေ့ခန့်အပ်လိုက်ပါတယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကိုလည်း ပြင်ဆင်ရာ အလုပ်သမားဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမြင့်ကြိုင်နဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ယခင်ဦးသိန်းစိန်အစိုးရရဲ့ ဝန်ကြီးဟောင်း ဦးခင်ရီတို့ကို ခန့်အပ်လိုက်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကိုလည်း ပြင်ဆင်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာသက်ခိုင်ဝင်းနဲ့ အားကစားနဲ့လူငယ်ရေးရာဝန်ကြီးဌာန ရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမင်းသိန်းဇံ တို့ကို ဝန်ကြီးဌာနတွေ တိုးချဲ့ပြင်ဆင်ဖွဲ့စည်း ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့များကိုလည်း တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့အဖြစ် ပြင်ဆင်လိုက်ပြီး အစိုးရအဖွဲ့ဝင်များအဖြစ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့ကို ဒီကနေ့မှာပဲ ခန့်အပ်လိုက်ပါတယ်။