Published 10 Feb 2022

မကွေးတိုင်းဒေသကြီးတွင်  စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး တောင်သူလယ်သမားများကို တောင်သူသမဝါယမအသင်းများဖွဲ့စည်းဆောင်ရွက်မယ်လို့ နစကဥက္ကဋ္ဌရဲ့ မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးတောင်သူတွေနှင့်တွေ့ဆုံပွဲကနေ သိရှိရပါတယ်။

အဲဒီသမဝါယအသင်းတွေကနေ လယ်ယာသုံးစက်ကိရိယာတွေကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးဖို့ စီစဉ်နေတယ်လို့လည်း နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

စိုက်ပျိုးထုတ်လုပ်ရာတွင် ရေရရှိရေးမြစ်ရေတင်စီမံကိန်းတွေမှာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားအသုံပြုဖို့ကိုလည်း ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့ပါတယ်။

မကွေးတိုင်းဒေသကြိးအတွင်းမှာ တစ်နှစ်ပတ်လုံးရဲ့ ပျှမ်းမျှမိုးရွာရက်မှာ ရက်ပေါင်း၇၀သာရှိတဲ့အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဆောင်ရွက်လို့ရကြောင်း၊ အဲဒီအပြင် မကွေးတိုင်းဒေသကြီးအတွင်းမှာ ဧရာဝတီမြစ်ရေထိန်း၍ရသည့်နေရာတွေရှိနေပြီး အဲဒီနေရာတွေမှာ တမံနိမ့်Low head Dam တွေတည်ဆောက်ခြင်းဖြင့် သွားလာမှုမပြတ်စေဘဲ တစ်နှစ်ပတ်လုံး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ကြောင်းလည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

တိုင်းဒေသကြီးအတွင်းမှာ မွေးမြူရေးလုပ်ငန်းတွေလည်းဆောင်ရွက်နေတဲ့အတွက် မွေးမြူရေးလုပ်ငန်းတွေက ထွက်ရှိတဲ့ နွားချေး၊ကျွဲချေးနှင့်ကြက်ချေးတွေကို ဇီဝမြေဩဇာအဖြစ် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးချနိုင်ဖို့ အပြန်အလှန်အားဖြင့် စိုက်ပျိုးရေးကထွက်ရှိတဲ့ အခြေခံကုန်ကြမ်းတွေဖြစ်တဲ့ နှံစားပြောင်းနှင့်ကောက်ရိုးတွေကို တိရိစ္ဆာန်အစားအစာများအဖြစ် ပြန်လည်အသုံးချနိုင်တယ်လို့လည်း နစကဥက္ကဋ္ဌကပြောပါတယ်။

မကွေးတိုင်းဒေသကြီးမှ လယ်စိုက်ဧကပေါင်းခြောက်သိန်းကျော်နှင့် အခြားစိုက်ပျိုးဧကပေါင်း၂ဒသမ၂သန်းကျော်ရှိတယ်လို့ သိရှိရပါတယ်။ အဓိကအားဖြင့် ပဲ၊နှမ်း၊ဝါနှင့် ကြက်သွန်တွေကိုစိုက်ပျိုးကြပါတယ်။ အဲဒီအပြင်မွေးမြူရေးအပိုင်းမှာ နွားအကောင်ရေ၁ဒသမ၃သန်းကျော်၊ ကျွဲအကောင်ရေ ၃သောင်း၈ထောင်ကျော်၊အသားစား ကြက်၁ဒသမ၆သန်း၊ ဥစားကြက် ၂သိန်းကျော်၊ဒေသကြက်၃သန်း၃သိန်းကျော်ရှိတယ်လို့လည်း သိရှိရပါတယ်။

အဆိုပါတွေ့ဆုံပွဲကို နှမ်း၊မြေပဲ၊ပဲစင်းငုံ၊ဝါနှင့်ကြက်သွန်စိုက်တောင်သူတွေတက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

2022 02 10 08.42.07