Published 29 January 2022

မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ၂၀၂၂ခုနှစ်မှာ ဆက်လက်ပြီး အလွန်အားနည်းနေဦးမှာဖြစ်ပြီး လွန်ခဲ့တဲ့တစ်နှစ်က အာဏာသိမ်း ခဲ့တဲ့ အကျိုးဆက်ကို ပြင်းထန်စွာစမ်းသပ်ခံရလိမ့်ဦးမယ်၊သို့သော် ထုတ်လုပ်မှုကဏ္ဍနှင့်ပို့ကုန်မှာတော့ တည်ငြိမ်နေတဲ့ လက္ခဏာတွေကို လောလောဆယ်တွေ့နေရတယ်လို့ ကမ္ဘာ့ဘဏ်ကသိရကြောင်း ရိုက်တာကသတင်းရေးပါတယ်။

မြန်မာ့စီးပွားရေးနှင့်ပတ်သက်လို့ ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးခန့်မှန်းချက်အရ ၂၀၂၂စက်တင်ဘာအထိ စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းရှိမယ်လို့ ဆိုပါတယ်။ ဒါဟာ ကပ်ဘေးနှင့် ဖေဖော်ဝါရီ(၁)ရက်အာဏာသိမ်းမှုရဲ့အကျိုးဆက်ကြောင့် ကျဆင်းရတာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ကပြောပါတယ်။

ရောင်းလိုအားနှင့်ဝယ်လိုအားပြသနာတွေရှိခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေအတွက် ငွေကြေးစီးဆင်းမှု မလုံမလောက်ဖြစ်ခဲ့တယ်။ ပြီးတော့ အကြွေးရနိုင်မှုလျော့ကျသွားတယ်။ကျပ်ငွေတန်ဖိုးတဟုန်ထိုးကျဆင်းမှုကြောင့်  လုပ်ငန်းတွေရဲ့တစ်ဝက်လောက်ဟာ မနှစ်က အခက်အခဲတွေနှင့်ကြုံကြရတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။

“ ရေတိုသုံးသပ်ချက်ကတော့ ကပ်ရောဂါဘေးဆင့်ကဲဖြစ်စဉ်၊ပဋိပက္ခတွေရဲ့အကျိုးဆက်နှင့်  နိုင်ငံခြားငွေကြေးလဲလှယ်မှုနှင့် ဘဏ္ဍာရေးကဏ္ဍမှာ အကန့်အသတ်တွေဆက်လက်တည်ရှိနေမှု၊  လျှပ်စစ်၊ထောက်ပံ့ပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ်ချိတ်ဆက် ဆောင်ရွက်မှုစတဲ့ အခြားသော အဓိကကျတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေ ပြတ်တောက်မှုတွေအပေါ် မှီတည်နေလိမ့်မယ်” လို့ ကမ္ဘာ့ဘဏ်က ယင်းရဲ့ ဇန်နဝါရီလသုံးသပ်ချက်ထဲမှာ ပြောဆိုထားပါတယ်။

မြန်မာစစ်အစိုးရကတော့ မနှစ်က စီးပွားရေးအကျပ်အတည်းဟာ နိုင်ငံခြားကျောထောက်နောက်ခံပြုထားတဲ့ အဖျက်အမှောင့် လုပ်ငန်းတွေကြောင့်လို့ အပြစ်တင်ထားပါတယ်။

အာဏာသိမ်းယူပြီးနောက်ပိုင်းမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အမေရိကန်ဒေါ်လာ ၃.၈ဘီလီယံ ခွင့်ပြုခဲ့ပြီး နိုင်ငံရဲ့စီးပွားရေးအလား အလာမှာ တည်ငြိမ်မှုနှင့် ယုံကြည်မှုတွေပြန်လည်ရောက်ရှိလာပြီလို့ မြန်မာစစ်အစိုးရက ကြာသပတေးနေ့မှာပြောတယ်လို့ ရိုက်တာက ရေးသားပါတယ်။

အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို အကန့်အသတ်ဖြစ်သွားစေပုံရတယ်လို့ ကမ္ဘာ့ဘဏ်ကပြောပါတယ်။  ပုဂ္ဂလိကရင်းနှီးမြှပ်နှံမှုတွေ သိသိသာသာကျဆင်းသွားခဲ့ပြီး ပို့ကုန်စရိတ်တွေတက်လာတယ်။ ကျပ်ငွေအခြေပြုထားတဲ့ အခွန်ဘဏ္ဍာတွေဟာ နိုင်ငံခြားငွေတန်ဖိုးအရဆိုရင် တန်ဖိုးနည်းပါးသွားရတယ် လို့ ကမ္ဘာ့ဘဏ်ကပြောကြောင်းသတင်းမှာ ဖော်ပြထားပါတယ်။

Source: Reuters